မိတ္ထီလာ   ၂၀   မေ

မိတ္ထီလာ၌ရှိသော ဟိုတယ်၊ မိုတယ်လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ရရှိရန် လိုအပ်ကြောင်း မိတ္ထီလာမြို့ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ရှင် ထံမှ သိရသည်။

 

“မိတ္ထီလာမှာရှိတဲ့ ဟိုတယ်၊ မိုတယ်လုပ်ငန်းရှင်များအနေနဲ့ အခြားပြန်လည် လုပ်ကိုင်ခွင့်ပြုတဲ့လုပ်ငန်းမျာနည်းတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ဟိုတယ်မိုတယ်လုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ရချင်ပါတယ်။ မိတ္ထီလာက ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်တွေအများအပြား ဝင်ထွက်လည်ပတ်သွားလာတဲ့ ဒေသမဟုတ်ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ အခြားအကြောင်း ကိစ္စတွေကြောင့် မြို့လာရောက်ကြတဲ့ဧည့်သည်တွေ မဖြစ်မနေ တည်းခိုနေထိုင် နိုင်ဖို့အတွက် ဒီဟိုတယ် မိုတယ်လုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်လုပ်ကိုင် ခွင့်ပြုဖို့လိုအပ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာလည်း အဝေးပြေးခရီးသည်ယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲခွင့်ပြုတာမို့ ခရီးသွားလာမှုလည်း အတော်အသင့် ရှိနေပြီဖြစ်တဲ့အတွက် ဒီမြို့ရောက်တဲ့အဝေးက ဧည့်သည်တွေအနေနဲ့ မဖြစ်မနေတည်းခို နေထိုင်ရေးအတွက် ဟိုတယ်၊ မိုတယ်လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့်  အမြန်ဆုံး ရချင်ပါပြီ” ဟု  မိတ္ထီလာမြို့ ဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ရှင် က ပြောသည်။

 

မိတ္ထီလာမြို့ရှိ ဟိုတယ် မိုတယ်လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ပြီးစီးပါက ညွှန်ကြားရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးသို့  ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများပါဝင်သည့် တင်ပြစာနှင့်အတူ  သက်ဆိုင်ရာပူး ပေါင်းအဖွဲ့၏ စစ်ဆေးမှုခံယူရန် အသင့်ဖြစ်ကြောင်း တင်ပြအကြောင်းကြားရမည်ဖြစ်ပြီး သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ လာရောက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပြီးစီးပါက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားသည့် ဟိုတယ်၊ မိုတယ်လုပ်ငန်းများကို လုပ်ငန်းပြန်လည် လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်သည်။ မိတ္ထီလာတွင် ဟိုတယ်၊ မိုတယ်နှင့် အဆင့်မြင့်တည်းခိုခန်းများ စုစုပေါင်း ၃ဝ  ခုကျော်    ဖွင့်လှစ် လုပ်ကိုင်လျက်ရှိကြောင်း သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ မိုတယ် လုပ်ငန်းများကို ဧပြီလ ၆ ရက်နေ့မှစတင်၍ ယာယီပိတ်သိမ်းရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပြီး ယခုအခါ အဆိုပါ လုပ်ငန်းများအား သတ်မှတ်စည်းကမ်းများနှင့်အညီ ပြန်လည် လုပ်ကိုင်ခွင့်ပြုရန် သက်ဆိုင်ရာက  စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)