နေပြည်တော် ၂၀ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းသည် ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲက ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC)မှ ဦးစီးကျင်းပ ပြုလုပ်သည့် Explosive Ordnance Risk Education (EORE) in ASEAN in a Time of Pandemic (Regional Webinar)အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
အစည်းအဝေးသို့ အာဆီယံဒေသတွင်းမိုင်းရှင်းလင်းရေးဗဟိုဌာန (ASEAN Regional Mine Action Center) မှ Mr. Ly Panharith (Executive Director, ARMAC)၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ HALO Trust (ကမ္ဘောဒီးယား)၊ HI (လာအို)၊ ICRC/ Myanmar Red Cross Society၊ UNDP (ဗီယက်နမ်)၊ MAG (ဗီယက်နမ်)၊ UNICEF ၊ MAG နှင့် ARMAC မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများက COVID-19 ရောဂါကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် နိုင်ငံအလိုက်ဆောင်ရွက်လျက်ရှိသည့်အစီအမံများ၊ ကိုဗစ်-၁၉ ကာလအတွင်း မိုင်းအန္တရာယ်အသိပညာပေး (MRE) လုပ်ငန်းများကို မည်သို့ဆောင်ရွက်သွားမည်ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးရာတွင် မြန်မာအစိုးရက မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရစ်စေသောမူကို ကျင့်သုံးဆောင်ရွက်နေသော အစီအမံများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေမှုနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


