နေပြည်တော်  ၂၀   မေ

 

မိမိတို့အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့်သီးနှံများ စားသုံးနိုင်ကြစေရန်နှင့် မိသားစုအိမ်ခြံဝန်း ဥယျာဉ်ထူထောင် စိုက်ပျိုးမှုထွန်းကားလာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကူးစက် ကပ်ရောဂါ ကိုဗစ်-၁၉ ကာလဖြတ်သန်းစဉ် အတွင်း ပြည်သူများ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုရရှိစေရန် တိုင်းဒေသကြီး ပြည်နယ် ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများက မျိုးစေ့ ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ နည်းပညာနှင့် လိုအပ်ချက်များကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကမ္ဘာ့ကူးစက် ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ရှမ်းပြည်နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန ၊တောင်ကြီးခရိုင်အတွင်းရှိ ဒေသနေပြည်သူများ မိသားစုအိမ်ခြံဝန်း ဥယျာဉ်ထူထောင် စိုက်ပျိုး လုပ်ကိုင်နိုင်ရန် မျိုးစေ့၊ ပျိုးပင်သွင်းအားစုများနှင့် နည်းပညာပေးလက် ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့အထိ အိမ်ထောင်စု ၁၀၂၅၈ သို့ မုန်လာဥနီ၊ မုန်လာဥဖြူ၊ မုန်ညှင်းစိမ်း၊ ထိုင်ဝမ်မုန်ညှင်း၊ ကညွတ်၊ ပြောင်းချို၊ တရုတ်နံနံ၊ နံနံပင်၊ ကန်စွန်း၊ သခွား၊ ဘူး ၊ ခရမ်းကဇော့၊ ချဉ်ပေါင်၊ ဟင်းနုနယ်၊ ခဝဲ၊ ရုံးပတီ၊ ငရုတ်ချို၊ ရွှေဖရုံ၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပဲလင်းမြွေ စသည့် ဟင်းသီးဟင်းရွက်(၄၂)မျိုး၏ မျိုးစေ့ထုပ်ပေါင်း(၄၄၆၄၅)ထုပ် ၊ ပဲတောင့်ရှည်၊ ငရုတ်၊ ငရုတ်ပွ၊ ခရမ်း၊ မုန်ညှင်းစိမ်း၊ ရုံးပတီ စသည့် ဟင်းသီးဟင်းရွက်ပျိုးပင် (၂၂၈၀)ပင်၊ နည်းပညာပေးလက်ကမ်းစာစောင် (၆၂၁၉) စောင်၊ သဘာဝမြေသြဇာ နှင့် ကွန်ပေါင်း ဓါတ်မြေသြဇာများကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်