သရက် ၂၀ မေ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပိတောက်ပင်ကျေးရွာ အုပ်စု၊ ရေနံမြေကျေးရွာတွင် ကျေးရွာနေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစေရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ရေဂါလန် ၅၀၀၀ ကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာန မှသိရသည်။
ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံး ရေများ သွားရောက်ဖြန့်ဝေပေးရာတွင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပုဂ္ဂလိကပိုင် ရေသယ်ယာဉ်ဖြင့် သရက်မြို့နယ်၊ ရေနံမြေကျေးရွာရှိ အိမ်ခြေ ၈၀ ၊ လူဦးရေ ၄၂၀ ဦး တို့အတွက် ရေဂါလန် ၅၀၀၀ အား အိမ်ထောင်စုများအလိုက် သောက်သုံးရေများ စနစ်တကျ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအတွက် စေတနာရှင် အလှူရှင်များအနေဖြင့် သောက်သုံးရေများ လှူဒါန်းလိုပါက ရေဂါလန် (၅၀၀၀)ပါ ကားတစ်စီးလျှင် ငွေကျပ် ၇၀၀၀ဝ နှုန်းဖြင့် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်း ဖုန်းနံပါတ် ၀၉-၂၅၈၆၈၇၉၈၆ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။
ကျော်ဦး


