ရန်ကုန် ၂၀ မေ
ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းမှ “I DO NATION” ဟူသော အမည်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ဘေးဒဏ်ခံစား နေကြရသည့် ဈေးသည်များအတွက် ရန်ပုံငွေအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ ဒေါပုံ၊ လှိုင်သာယာနှင့် တာမွေမြို့နယ်အတွင်းရှိ ဈေးသည်များအတွက်ပါ တိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ ဆက်ပြီးတိုးချဲ့မယ့်မြို့နယ်တွေကတော့ ဒေါပုံရယ်၊ လှိုင်သာယာရယ်ပါ။ အတော်များများက ဒီမြို့ စွန်ဘက်တွေက ပိုပြီးလိုအပ်တယ်လို့ ပြောသံကြားတဲ့အတွက် ထပ်ပြီးတိုးချဲ့ထားပါတယ်။ နောက်ထပ်လည်း တာမွေမြို့နယ်ကို တိုးချဲ့သွားပါ့မယ်။ တာမွေကကျတော့ လွှတ်တော်အမတ်တွေကော ဈေးက စည်ပင် တာဝန်ခံတွေကကော သူတို့ကူညီပေးနိုင်တယ်၊ ဈေးသည်စာရင်းကို သူတို့ပေး ပေးပါမယ်လို့ပြီးတော့ request လုပ်ထားတာတော့ရှိတယ်” ဟု ဈေးသည်များအတွက် ရံပုံငွေအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဂျူနီယာ ပရောဂျက်မန်နေဂျာ မခိုင်ယဉ်ထွန်းက ပြောကြားသည်။
အဆိုပါအစီအစဉ်ကို ဧပြီလဆန်းပိုင်းတွင် ဗိုလ်ကလေးဈေးအနီးရှိ ဈေးသည်များအား နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ စတင်ဝေငှ၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၉ ရက်နေ့တွင် Wave Money မှတစ်ဆင့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ လမ်းဘေးဈေးသည် ၇၅ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧပြီလ ၂၄ ရက်နေ့တွင် လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များမှ လမ်းဘေးဈေးသည် ၁၇၂ ယောက်တို့အား တစ်ဦးလျှင် ငွေကျပ်တစ်သောင်းစီကို ၎င်းတို့၏ လက်ကိုင်ဖုန်းများသို့ လွှဲပြောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ အလှူငွေရရှိမှုပေါ်မူတည်၍ မြို့နယ်များ ထပ်မံတိုးချဲ့ခဲ့ရာ မေလ ၁၅ ရက်နေ့တွင် ဗိုလ်တထောင်၊ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ စမ်းချောင်းစသော မြို့နယ်ပေါင်း ၈ မြို့နယ်မှ ဈေးသည်ပေါင်း ၁၀၂၉ ယောက်အတွက် ငွေကျပ် သိန်း ၂၀ဝ ကျော်လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုကြောင့် ထိခိုက်နစ်နာပြီး အခက်အခဲ ရင်ဆိုင်နေရသော ဈေးသည်များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အဆင်ပြေစေရန်နှင့် ၎င်းတို့ကို မှီခိုနေသူများအတွက် အတိုင်းအတာ တစ်ခုအထိ ပြေလည်စေရန် တိုက်ရိုက်အလှူငွေပေးအပ်ခြင်း၊ လုပ်အားဖြင့် ကူညီခြင်း၊ အကာအကွယ် အသုံး အဆောင်များလှူဒါန်းခြင်းတို့ဖြင့် ဈေးသည်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ဈေးသည်များအတွက် ရန်ပုံငွေအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းမှ ကိုရိုနာဗိုင်းရပ်စ် ဘေးဒဏ်ခံစားနေကြရသည့် ဈေးသည်များအတွက် ရန်ပုံငွေ အစီအစဉ်ကို MultiVerse Advertising နှင့် Wave Money တို့ဖြင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဇွန်လကုန်အထိ ဈေးသည်အယောက် ၅၀ဝ၀ ခန့်ကို လှူဒါန်းသွားနိုင်ရန် မျှော်မှန်းထားကာ ယင်းအတွက် အမေရိကန်ဒေါ်လာ ၂ သိန်းခန့် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - I DO NATION


