ထားဝယ် ၂၀ မေ

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့) ကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦး တက်ရောက်သည်။

 

အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ (တတိယနေ့) အစည်းအဝေး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၂)ခု  အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားသည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ကတိသစ္စာပြုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် အမည်စာရင်းကို အဆိုပြုပေးပို့ထားသည့် ဒေါ်ချိုမာမြင့်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ ၉/မမန(နိုင်)ဝ၃၄၉၆၂ ၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို ၁၀ နာရီ ၃၅ မိနစ် ခေတ္တရပ်နားသည်။

 

ထိုနောက်အစည်းအဝေးကို ၁၀နာရီ မိနစ် ၅၀ တွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အမည်စာရင်း တင်သွင်းခဲ့သော ဒေါ်ချိုမာမြင့် အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ကို ရယူခဲ့ရာ  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်ရန် မရှိသဖြင့် တိုင်းဒေသကြီးလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာဝန်ကြီးများက  ၂၀၁၉-၂၀၂၀ ခုနှစ် တိုင်းဒေသကြီး၏ အထွေထွေ ပိုလျှံရန်ပုံငွေ(GRF)မှ ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှ (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေးထိ ကတိကဝတ် သက်ရောက်သည့် အဆို/မေးခွန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းခြင်းနှင့် ကြားနာခြင်းဆိုင်ရာ အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်‌တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကို နံနက် ၁၁ နာရီ မိနစ် ၂၀  တွင် ရပ်နားခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)