နေပြည်တော် ၂၀ မေ

 

ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှု ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ကမ္ဘာတစ်ဝှမ်း ပြောင်းလဲလာလျက်ရှိသော ရာသီဥတုနှင့်အတူ လူတို့ အသုံးပြုနေသော ရေချိုရှားပါးမှုသည်လည်း တစ်စထက်တစ်စ တိုးမြင့်လာလျက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်မြောင်းတာတမံများအား ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းများ ဆောင်ရွက်နေသည့်နည်းတူ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေများ အဆင်ပြေချောမွေ့စွာ ရယူသုံးစွဲနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်အတွေ့အကြုံများကို အခြေခံကာ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ရေအသုံးချသူများအသင်း ဖွဲ့စည်းထူထောင်ခြင်း၊ လက်စွဲစာအုပ်နှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (Participatory Irrigation Management – PIM) လမ်းညွှန်ချက်စာအုပ်များကို ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း။

 

ယနေ့အစည်းအဝေးတွင် တောင်သူဦးကြီးများ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် လိုအပ်သည့်ရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရန် ရေအသုံးချသူများ အသင်းအဖွဲ့များမှတစ်ဆင့် ဌာနနှင့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သည့်ဆည်ရေ စီမံခန့်ခွဲမှုစနစ်ကို ထိရောက်စွာ ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM - Participatory Irrigation Management) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

 

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ဆည်မြောင်းစနစ်များ အဆင့်မြှင့်ဆောင်ရွက်သည့် စီမံကိန်း (BWID Project) တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရှင်များနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများဖြင့် Task Force အဖွဲ့ကို ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့မှဦးဆောင်၍ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် လမ်းညွှန်ချက်နှင့် ရေအသုံးချသူများအသင်း ဖွဲ့စည်းထူထောင်ခြင်း လက်စွဲစာအုပ်ကို ပြုစုရေးဆွဲခဲ့ကြောင်း၊ ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM) မရေးဆွဲရသေးမီ ၂၀၀၀ ပြည့်နှစ် မှစတင်၍ ရေအသုံးချသူများအဖွဲ့ (WUG) များကို ဆည်ရေသောက်စနစ်များတွင် ဖွဲ့စည်းထူထောင်ခဲ့ရာ (WUG) ပေါင်း (၁၂၀၆) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ရေအသုံးချသူများအသင်း (WUA) များ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သဖြင့် ယနေ့အထိ ရေအသုံးချသူများအဖွဲ့ (WUG) ၁၅၈၇ ဖွဲ့နှင့် ရေအသုံးချသူများအသင်း (WUA) ၈ ဖွဲ့တို့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ယမန်နှစ်က အတွေ့အကြုံများကို အခြေခံ၍ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူဦးကြီးများ သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးအတွက် လိုအပ်သည့်ရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရန် ရေအသုံးချသူများ အသင်းအဖွဲ့များမှတစ်ဆင့် ဌာနနှင့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သည့် ဆည်ရေစီမံခန့်ခွဲမှုစနစ်ကို ယခုမိုးရာသီမှစတင်၍ လွယ်ကူစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်