နယူးဒေလီ ၂၀ မေ
အမ်ဖန်အမည်ရှိ စူပါဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၉၀ နှုန်းဖြင့် အိန္ဒိယနိုင်ငံအရှေ့ဘက် ကုန်းတွင်းပိုင်းသို့ ယနေ့ညနေပိုင်းတွင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံအရှေ့ဘက် အနောက်ဘင်ဂေါလ်ပြည်နယ်တွင် ဒေသခံပြည်သူ ၅၀၀၀၀၀ ကျော်နှင့် သြဒိဿပြည်နယ်တွင် ပြည်သူ ၁၀၀၀၀၀ ကျော်တို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းသည် မေ ၂၁ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တမြို့အထိ ရောက်ရှိနိုင်သည်ဟု အိန္ဒိယမိုးလေဝသဦးစီးဌာနက ခန့်မှန်းထားသည်။
မုန်တိုင်း၏အရှိန်ကြောင့် အနောက်ဘင်ဂေါလ်၊ သြဒိဿပြည်နယ် မြောက်ဘက် ကမ်းရိုးတန်းများတွင် မိုးကြီးနိုင်သလို တချို့ဒေသများတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားသည်။
ဒေသဆိုင်ရာ အာဏာပိုင်များသည် အနောက်ဘင်ဂေါလ်နှင့် သြဒိဿပြည်နယ်များတွင် အမျိုးသားသဘာ၀ဘေးဒဏ် တုံ့ပြန်ရေးအဖွဲ့ ၄၁ ဖွဲ့ကို ဖြန့်ကြက်ထားကြောင်း သိရသည်။
အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့နေစဉ် အိန္ဒိယနိုင်ငံအရှေ့ဘက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းသည် ဆယ်စုနှစ်များစွာအတွင်း အင်အားအပြင်းထန်ဆုံး မုန်တိုင်းများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- ဂျေတီ