ရန်ကုန် ၂၁ မေ
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စောဒေးဗစ်(ခ) စောဒေးဗစ်လားအား မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလိုပြုလုပ်၍ မရမ်းကုန်းမြို့နယ်ရဲစခန်းတွင် ရောဂါ ဖြစ်ပွားစေနိုင်သော လူစုလူဝေးပြုလုပ်ခဲ့သည်ဟုဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်တိုင်ကြားထားသည်ကို ယနေ့နံနက်က မရမ်းကုန်းမြို့နယ်တရားရုံးသို့ ကနဦး တရားစွဲတင်ခြင်းဖြစ်ပြီး ဇွန် ၃ ရက်သို့ ရုံးချိန်း ချိန်းဆိုလိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဧပြီ ၁၄ ရက်က ကြေညာချက်အရ ၎င်းအပါအဝင် ဦးဝေထွန်းတို့ကို မရမ်းကုန်းမြို့မရဲစခန်း၌ လည်းကောင်း၊ ဦးစောကွယ်ဝါးနှင့် ဦးစောရေဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်း၌ လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ယနေ့ရုံးချိန်းတွင် စောဒေးဗစ်(ခ)စောဒေးဗစ်လား တစ်ဦးတည်းသာ တွေ့ရ၍ မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက တရားခွင်၌ စစ်ဆေးမှု ဆောင်ရွက်ခဲ့ပြီး ဇွန် ၃ ရက် (ဗုဒ္ဓဟူးနေ့)သို့ ချိန်းဆိုခဲ့ကြောင်းနှင့် စောဒေးဗစ်လား အား ၁၅ ရက် ချုပ်ရက်ဖြင့် အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)