ဆိုးလ် ၂၁ မေ

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက် ပျံ့နှံ့ခဲ့သည့်အချိန်ကစပြီး ပိတ်ထားသည့် စာသင်ကျောင်း များကို ယနေ့ ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကို မတ်လအစောပိုင်းတွင် စတင်ဖွင့်လှစ်ရန် ကနဦးစီစဉ် ထားခဲ့သော်လည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် ကျောင်းသား ကျောင်းသူများက အွန်လိုင်းမှသာ သင်ခန်းစာများကို လေ့လာခဲ့ရသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျသွားခဲ့သည့်နောက်ပိုင်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အစိုးရက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စာသင်ကျောင်းများ၌ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းများကို စနစ်တကျလိုက်နာကြရမည်ဖြစ်သည်။

ဆိုးလ်မြို့အနီးရှိ အထက်တန်းကျောင်းတစ်ကျောင်း ၏ဝင်ပေါက်နေရာတစ်ခုတွင် တာဝန်ကျဆရာ ဆရာမများ က အပူချိန်တိုင်းတာမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် စာသင်ခန်းများအတွင်း၌ စာသင်ခုံများကို လည်း တစ်မီတာကျော်ခန့် အကွာအဝေးတွင် စီစဉ်ထားရှိပြီး ကျောင်းသား ကျောင်းသူများအတွက် လက်သန့်ဆေးရည် များ အလွယ်တကူရရှိနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

"စာသင်ကျောင်းတွေပြန်ဖွင့်တော့ သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံစည်းရတာ ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကူးစက်မှာကိုတော့ ကြောက်နေရတယ်" ဟု ကျောင်းသားတစ်ဦးက ပြောသည်။

ကျောင်းသား ကျောင်းသူများ ဗိုင်းရပ်စ်ကူးစက်မှု မရှိစေရန် စာသင်ကျောင်းအတွင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေရမည့် စည်းမျဉ်းများအပါအဝင် အခြားဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပြင်ဆင်ထားရှိကြောင်း ကျောင်းအုပ်ဆရာကြီး တစ်ဦးက ဆိုသည်။

အထက်တန်းအဆင့် တတိယနှစ်ကျောင်းသား ကျောင်းသူများသည် အထက်တန်းအဆင့်၏ နောက်ဆုံး စာသင်နှစ် ကျောင်းသားများဖြစ်သည့်အတွက် စာသင် ကျောင်းများသို့ နေ့စဉ်လာရောက်ရမည်ဖြစ်သည်။

ကျန်ရှိသော ကျောင်းသား ကျောင်းသူများအနေဖြင့် စာသင်ကျောင်းတွင်သာမက နေအိမ်များ၌လည်း ပညာသင် ယူနိုင်ရန် အာဏာပိုင်များက ပညာရေးတာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိသည်။

မေလအစောပိုင်းက ဆိုးလ်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူအများအပြား ထပ်မံတွေ့ရှိခဲ့သည့် အတွက် ယခုအချိန် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ ဗိုင်းရပ်စ်ကူးစက် ခံရမည့်အရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ကိုးကား-အင်န်အိတ်ချ်ကေ ဘာသာပြန်-အောင်ကျော်ကျော်