ဒီးမော့ဆို ၂၁ မေ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် ဆောင်ရွက်နေသော မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရန် အတွက် လယ်ယာမြေများသို့ စိုက်ပျိုးရေပေးဝေနေသော ဆည်၊ ကန်၊ ချောင်း၊ မြောင်းများသည် ရေစီးရေလာ ကောင်းမွန်စေရန် လိုအပ်လျက်ရှိပြီး ဆည်၊ ကန်၊ ချောင်း၊ မြောင်းများ ပြန်လည် ပြုပြင်ဖော်ထုတ်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆည်၊ ကန်၊ ချောင်း၊ မြောင်းများ ပြန်လည် ပြုပြင်ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို မေ ၂၀ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်အတူ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆည်၊ ကန်၊ ချောင်း၊ မြောင်းများ ပြန်လည် ပြုပြင်ဖော်ထုတ်ခြင်း လုပ်ငန်းများကို လုပ်ငန်း တစ်ခုချင်းအလိုက် လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒီးမော့ဆို မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ဆောင်ရွက်နေသော မြို့နယ်ဖြစ်ပြီး ပြည်သူများ လယ်ယာစိုက်ပျိုးချိန်တွင် စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေ ပေးဝေရာတွင်လည်း ရေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ရေတံခါးများ အဆင့်မြှင့် တင်ခြင်း၊ မြောင်းလက်တံများ ရေစီးရေလာကောင်းမွန်စေရေး ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအကျိုးကို မျှော်မှန်းပြီး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာ စာသင်ကျောင်းမှ ရေနီချောင်းတံတားအထိ လမ်းအရှည်ပေ ၈၃၀ဝ၊ လမ်းအကျယ် ၁၂ ပေ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ် တံတား အရှည်ပေ ၃၀ ၊ အကျယ် ၁၈ ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ ဘုရားဖြူကျေးရွာ ကွင်းအမှတ် (၆၈) အတွင်း ၁၀ ဒသမ ၆၆ ဧက ကျယ်ဝန်းပြီး တိမ်ကောနေသော အင်းအမှတ် (၁) နှင့် (၂) တို့အား ပြန်လည် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆက်လက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အပန်းဖြေအနားယူသည့် အထင်ကရ ငွေတောင်ဆည်သို့ ရောက်ရှိပြီး ငွေတောင် ဆည် ပတ်ဝန်းကျင်တွင် ဆောင်ရွက်နေသောလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက် အပေါ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိသော ဆည်၊ ကန်၊ ချောင်း၊ မြောင်းများ ပြန်လည် တူးဖော်ပြုပြင်ခြင်း လုပ်ငန်းများသည် လုပ်ငန်း အားလုံးနီးပါး ၁၀ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လယ်မြေဧက (၂၀ဝ၀) ခန့်အား ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်မည့်အပြင် လယ်မြေဧက (၅၀ဝ၀) ခန့်အား စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


