မြိတ် ၂၁ မေ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ကိုဗစ်ကာလအတွင်း ငှက်သိုက်ရောင်းဝယ်မှု ဈေးကွက်သည် မော် တော်ယာဉ်လိုင်များ ပိတ်ထားသဖြင့် နယ်ဝေးပို့ဆောင်ရာတွင် အခက်အခဲများဖြစ်လျက်ရှိသဖြင့် ရောင်းဝယ်မှုဈေးကွက်သည် (၇၀)ရာခိုင်နှုန်း ကျဆင်းလျက်ရှိသော်လည်း ဈေးနှုန်းကျဆင်းမှု မရှိကြောင်း ငှက်သိုက်လုပ်ငန်းရှင်များထံမှ သိရသည်။
“ ကိုဗစ်ကာလမှာ ငှက်သိုက်ကုန်ကြမ်း ဈေးနှုန်းကျဆင်းမှုမရှိဘူး။ ဒီအချိန်က ငှက်သားပေါက်တဲ့ ရာသီဖြစ်တဲ့အတွက် ကုန်ကြမ်းရှားသွားပါတယ်။ ရှားသွားတဲ့အတွက် စုဆောင်းရရှိမှုနည်းတယ်။ နည်းတဲ့အတွက် ကုန်ကြမ်းဈေးကမကျဘူး။ အရောင်းအဝယ်တော့ အရင်(၁၀ဝ)ဖိုးရောင်းရတဲ့ဆီမှာ အခုက (၃၀)ဖိုးလောက်ဘဲ ရောင်းရတယ်။ အရောင်းအဝယ် မရှိသလောက်နီးနီး ကျဆင်းသွားတယ်။ (၇၀)ရာခိုင်နှုန်း ကျတယ်။ (၃၀)ရာခိုင်နှုန်းလောက်ဘဲ အရောင်းအဝယ်ဖြစ်တဲ့သဘောပေါ့။ များများစားစား မရောင်းရတော့ဘူး ” ဟု မီမီသဘာဝ ငှက်သိုက်လုပ်ငန်းမှ ဦးပြည့်ဖြိုးဟန် က ပြောသည်။
ငှက်သိုက်ဈေးနှုန်းအနေဖြင့် ကျဆင်းခြင်းမရှိဘဲ ယခုကာလသည် ငှက်သားပေါက်ရာသီဖြစ်သည့်အတွက် ငှက်မွေးအိမ်တွေမှ ကုန်ကြမ်းမထွက်ရှိသဖြင့် ဈေးနှုန်းအနေဖြင့် သိသိသာသာ ကျဆင်းခြင်းမရှိကြောင်း၊ လက်ရှိ အချိန်တွင် ကိုဗစ်ကာလဖြစ်သည့်အတွက် (၃၀)ရာခိုင်နှုန်းသာရောင်းကြရပြီး တစ်ကျပ်သား၊ နှစ်ကျပ်သားစားသုံးရန် ဝယ်ယူကြသူများသာရှိကြောင်း သိရသည်။
“ ငှက်သိုက်ကို တရုတ်က အဓိကထားပြီးစားပါတယ်။ တရုတ်နှစ်သစ်ကူးကာလမှာ အမှန်တကယ် အများကြီးရောင်းရပါတယ်။ ဒါပေမယ့် ဒီနှစ်တရုတ်နှစ်သစ်ကူးကာလမှာ ကိုဗစ်ဖြစ်တဲ့အခါကျတော့ တရုတ်မှ ငှက်သိုက် ကို မဝယ်သလောက်နည်းပါတယ်။ ဒါပေမယ့် ပြည်တွင်းစားသုံးတဲ့ ရန်ကုန်တို့၊ မိတ္ထီလာတို့ အဝေးကို ပုံမှန် ပို့နေရသေးတယ်။ နောက်ပိုင်းကားလမ်းတွေ ပိတ်တဲ့အခါကျတော့ အဝေးပို့လို့ အဆင်မပြေတော့ဘူး။ ကုန်ကားနဲ့ ကျတော့ အရမ်းမပို့ရဲဘူး။ ခရီသည်တင်ကားတွေနဲ့သာ ပို့တာများပါတယ်။ အဝေးကိုပို့လို့ အဆင်မပြေတဲ့ အခါ ကျတော့ အရောင်းအဝယ်မဖြစ်ဘူး။ မြို့တွင်းမှာ ပုံမှန် ဝယ်သောက်ကြသူတွေက ပုံမှန်အတိုင်းဝယ်သောက် ကြပါတယ်” ဟု ငှက်သိုက်အရောင်းဆိုင် လုပ်ငန်းမှ ဒေါ်ယုယုမွန် က ပြောသည်။
မြိတ်မြို့တွင် ငှက်သိုက်လုပ်ငန်းရှင်များမှ အသင့်ပေါင်းစားနိုင်ရန် သန့်စင်ပြီး ငှက်သိုက် အခြောက်များကို လက်လီလက်ကား ရောင်းဝယ်လျက်ရှိကြပြီး အသင့်စားသုံးနိုင်ရန် ငှက်သိုက်ပေါင်း လည်း ရောင်းချလျက်ရှိကြသည်။ ငှက်သိုက်ကိုသောက်ခြင်းသည် ကိုယ်ခံအားကောင်းစေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည့် အတွက် သောက်နေသုံးနေသူများက ပုံမှန်အတိုင်း သောက်လျက်ရှိကြရာ မြို့တွင်းအရောင်းဈေးကွက်တွင် အသင့်သောက်ငှက်သိုက်ပေါင်းသည် ဈေး(၄)မျိုး ရှိပြီး ဘူးအရွယ်အစားအလိုက် (၃၀ဝ၀)ကျပ်မှ (၁၀ဝ၀ဝ)ကျပ်အထိရှိ ကြောင်း အရောင်းဆိုင် တစ်ချို့မှ သိရသည်။
“ကိုဗစ်ဖြစ်တဲ့အချိန်မှာ ကိုယ်ခံအားကောင်းတယ်ဆိုပြီး ဒီငှက်သိုက်ကို စားသုံးချင်တဲ့သူတွေ အများကြီးရှိတယ်။ဒါပေမယ့် ပစ္စည်းတစ်နယ်မှ တစ်နယ်ပို့မရဘူး။ ကားဂိတ်တွေကလည်း ပိတ်ထားတယ် အခါကျတော့ ပို့ရမယ့်အခက်အခဲတွေရှိပါတယ်။ ဒါပေမယ့် ဈေးနှုန်းတွေကတော့ မကျပါဘူး။ အရောင်းအဝယ်တန့်သွားတာပဲရှိပါတယ်” ဟု My Bird’s Nest ငှက်သိုက်လုပ်ငန်းရှင် ဦးဟန်မင်းစိုးက ပြောသည်။
ငှက်သိုက်ရောင်းဝယ်မှု ဈေးကွက်အနေဖြင့် ပေါင်းစားရန်အသင့်သန့်စင်ပြီး ငှက်သိုက်အခြောက်တွင် အတန်းစား(၄)မျိုးရှိပြီး ပထမတန်းစား၌ တစ်ပိဿာလျှင် ကျပ်သိန်း(၄၀)ခန့်၊ ဒုတိယတန်းစား၌ တစ်ပိဿာလျှင် ကျပ်(၃၆)သိန်းခန့်၊ တတိယတန်းစား၌ တစ်ပိဿာလျှင် ကျပ်(၃၂)သိန်းခန့်၊ စတုတ္ထတန်းစား၌ တစ်ပိဿာလျှင် ကျပ်သိန်း(၃၀)ခန့်ရှိကြောင်း မြိတ်ခရိုင်ငှက်သိုက်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


