ပန်းတနော် ၂၁ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအခြေပြု ဌာနတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် (၂)လအကြာ ဆောင်ရွက်ခြင်းမပြုလုပ်နိုင်ခဲ့သည့် ပုံမှန်ကလေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မေ ၁၉ ရက် နံနက်ပိုင်းက စတင်ထိုးနှံ ပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံမှုများကို (၁)ရက်လျင် ကလေးဦးရေ (၅၀)သာ ထိုးနှံပေးမည်ဖြစ်ပြီး၊ နေအိမ်မှ ထွက်လာစဉ် အုပ်ထိန်းသူသည် ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျတပ်ဆင်ခြင်း၊ ဆေးခန်း အတွင်းသို့ မဝင်ရောက်မီ ရေနှင့်ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်နှင့် လက်များကို သန့်စင်၍ ကလေးနှင့်အတူ အုပ်ထိန်းသူတစ်ဦးသာ ဝင်ရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ ကလေးကာကွယ်ဆေးများအား (၂)ပတ်အကြာထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
တင်တင်ထွေး(ပန်းတနော်)


