မန္တလေး- ၂၁ မေ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အချက်များကို အပြည့်အဝလိုက်နာပြီး ဈေးချိုတော် ၊ မန်းမြန်မာပလာဇာ ၊ ရတနာပုံဈေးရှိ ဈေးရုံများ ယခုလ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
ဈေးရုံများအတွင်း လေဝင်လေထွက်ကောင်းစေရန် ၊ ဈေးသည် ၊ ဈေးဝယ်များ သွားလာရာမှာ ထိတွေ့ နီးကပ်မှု မဖြစ်စေရန်အတွက် လျှောက်လမ်းများအတွင်း ကုန်ပစ္စည်းများမထားရန် ၊ ထိုင်ခုံ ခွေးခြေခုံများကို ခွင့်ပြုအရေအတွက်ထက် ပိုမထားရန် ၊ ဆိုင်တိုင်းတွင် လက်သန့်ဆေးရည်များ ထားရှိရန် ၊ ဈေးဝယ်များကို ဈေးသည်က အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်း မပြုရန်၊ ကုန်အမှာများကို ဖုန်းဖြင့်လက်ခံထားပြီး ကုန်ပစ္စည်းများကို အိမ် ၊ ဂိုဒေါင်မှ ထုတ်ပေးကာ ဈေးဆိုင်ကို ရုံးခန်းသဖွယ် အသုံးပြုကာ ရောင်းဝယ်မှုပုံစံသစ်ဖြင့် စတင်ပြောင်းလဲရမည်ဖြစ်သည်။ ‘ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေကို အပြည့်အဝလိုက်နာဖို့ စီစဉ်ပြီး ဈေးရုံ ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုတာ ဖြစ်ပါတယ်’ ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။
ဈေးချိုတော်အနီး ၈၄ လမ်းကို မေ ၉ ရက်က စတင်ကာ တစ်လမ်းမောင်းစနစ်မှ နှစ်လမ်းမောင်း စနစ်အဖြစ် ပြောင်းလဲထားပြီးဖြစ်ကာ ယဉ်ကြောကျပ်တည်းမှု မဖြစ်စေရန် ၈၄ လမ်း( ၂၆ လမ်းမှ ၂၈ လမ်းအတွင်း) ကုန်ပစ္စည်း အတင်အချ ပြုလုပ်သည့် ယာဉ်များအား မိနစ် ၃၀ သာ ရပ်နားခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရပ်နားခွင့်ကို အခမဲ့သတ်မှတ်ထားပြီး သတ်မှတ်ချိန် မိနစ် ၃၀ ကျော်လွန်ပါက တစ်နာရီအတွင်း ဒဏ်ငွေ ကျပ် ၁၀ဝ၀ဝ၊ တစ်နာရီထက်ကျော်လွန်ပါက ဒဏ်ငွေ ကျပ် ၅၀ဝ၀ဝ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဈေးများ ဖွင့်လှစ်ခွင့်ပြုပြီးနောက် မြို့တော်ဝန်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး စည်းကမ်းမလိုက် နာသည့်ဆိုင်များကို ဖွင့်ခွင့် ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မေသက်ထား


