ဟားခါး ၂၁ မေ
ဟားခါးမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီး မှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရယ်များ လျော့နည်းစေရေးအတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၅၁၀ဝ၀ ပျိုးထောင်ထားရှိကြောင်း သိရှိရသည်။
ထိုသို့ပျိုးထောင်ထားရာတွင် ဟားခါးမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် လူထုများအား ဖြန့်ဝေ ရန်အတွက် ရေသင်းဝေ ပျိုးပင် ၅၀ဝ၀၊ မိုင်းဘော ပျိုးပင် ၁၀ဝ၀ဝ၊ ချယ်ရီပျိုးပင် ၁၀ဝ၀ဝ၊ ရှားနက် ပျိုးပင် ၅၀ဝ၀၊ ယူကလစ် ပျိုးပင် ၅၀ဝ၀၊ ခါတော်မီ ပျိုးပင် ၃၀ဝ၀၊ စိန်ပန်းပြာ ပျိုးပင် ၂၀ဝ၀ တို့ကို ပျိုးထောင် ထားရှိကြောင်းနှင့် မြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် တောင်ဇလပ် ပျိုးပင် ၁၀ဝ၀ ကို ဟားခါးမြို့၊ ဟားခါး-ဂန့်ဂေါ လမ်း မိုင်တိုင်(၄/ဝ)တွင် ၂၀.၅.၂၀၂၀ ရက်နေ့တွင် စိုက်ပျိုးပြီးစီးခဲ့ပြီး ချယ်ရီ ပျိုးပင် ၁၀ဝ၀ဝ ကို ဟားခါးမြို့ ၊ဂေါက်ကွင်းတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးစန်းလှိုင်ဦးထံမှ သိရှိရသည်။
ဟားခါးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများ သစ်ပင်စိုက်သည့် အလေ့အထကောင်းများ ရရှိပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး စိုက်ပျိုးနိုင်ရန် ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြို့မ စည်ပင်ဈေးတို့တွင် ပျိုးပင်များအား မော်တော်ယာဉ်များဖြင့် လှည့်လည်၍ အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)


