ညောင်ဦး ၂၁ မေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် သနပ်ပင်ကျေးရွာမှ သုံးမြွှာပူး မွေးဖွားသည့် ကလေးမိခင်အား ယနေ့ နံနက် ၈ နာရီခွဲက ညောင်ဦးခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန်နှင့် အဖွဲ့ဝင်များက ညောင်ဦးမြို့ ခုတင်(၂၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး အလှူငွေနှင့် ကလေးအတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ညောင်ဦးခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန်နှင့် အဖွဲ့ဝင်များက သုံးမွှာပူးမွေးဖွားသည့် ကျောက်ပန်းတောင်းမြို့နယ် သနပ်ပင် ကျေးရွာမှ တောင်သူ ဦးမြင့်သိန်း၏ ဇနီးဖြစ်သူ ဒေါ်ပိုအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များ ဝယ်ယူနိုင်ရေး အလှူငွေကျပ် ငါးသောင်းနှင့် ကလေးအတွက် အနှီးပိတ်စ ၊ အာဟာရ ဖြည့်စွက်စာများ ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(Surgical Mask) အခု ၁၀ဝ တို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
အဆိုပါ သုံးမြွှာပူး မွေးဖွားသော ကလေးမိခင် ဒေါ်ပို သည် ယခင်က ကလေး(၃)ဦး မွေးဖွားခဲ့ပြီး ယခု မွေးဖွားသည့် ကလေးငယ်(၃)ဦးမှာ မိန်ကလေးများဖြစ်ကြောင်းနှင့် ပုပ္ပါးတိုက်နယ်ဆေးရုံတွင် ခွဲစိပ်စရာ မလိုဘဲ အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း သိရသည်။
ယခုလက်ရှိတွင် ကလေး(၃)ဦး အား သတ်မှတ်ပေါင် မပြည့်သည့်အတွက် ညောင်ဦးမြို့၊ ခုတင်(၂၀ဝ)ဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ပြီး လိုအပ်သောကျန်းမာရေး ဆေးဝါးကုသမှုများ ခံယူနေခြင်းဖြစ်ကာ မိခင်ရော ကလေး (၃)ဦးစလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြပ်ရေးအဖွဲ့ဉက္ကဌ ဒေါ်နန်းဆိုင်စိန်နှင့် အဖွဲ့ဝင် များသည် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဌ ဒေါ်ထားထားလွင်နှင့် အသင်းဝင်များ လိုက်ပါ၍ ညောင်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံးသို့ သွားရောက်ပြီး ပင်စင်လစာ လာရောက် ထုတ်ယူသည့် ပြည်သူများကို တွေ့ဆုံ၍ ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့် ဆောင်ရန်ရှောင်ရန်များကို ပညာပေးဆွေးနွေးပြောကြားပြီး နှာခေါင်းစည်းများ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


