ကျောင်းကုန်း ၂၁ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်၌ နှာခေါင်းစည်း မတပ်သူများအား ယနေ့ နံနက် ၈ နာရီချိန်မှစတင်ကာ ပူးပေါင်းအဖွဲ့မှ စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးအနီးတွင် (၅)ဦး၊ ဆေးရုံလမ်းနှင့်မင်းလမ်းထောင့်တွင် (၆)ဦး၊ မြစ်ကူးတံတားအောက် အိမ်မဲလမ်းဆုံတွင်(၅)ဦး၊စုစုပေါင်း(၁၆)ဦးအား အဖွဲ့(၂)ဖွဲ့ ခွဲကာ စစ်ဆေးခဲ့ကြပြီး၊ နှာခေါင်းစည်း (၃)ခုလျှင် ငွေ(၃၀ဝ၀)ကျပ်ဖြင့် ဒဏ်တပ်အရေးယူခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေ့စဉ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


