မုံရွာ ၂၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ယခုနှစ်နွေရာသီတွင် ကွမ်းစိုက်တောင်သူများ အနေဖြင့် ကွမ်းရွက်အထွက်နှုန်း နည်းသော်လည်း ဈေးကောင်းရသဖြင့် အဆင်ပြေကြောင်း ကွမ်းစိုက်ပျိုးသည့် တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
မုံရွာမြို့နယ် ကွမ်းရွက်ဈေးကွက်တွင် ယခုလက်ရှိအချိန် ကွမ်းရွက်အမြင့်ဆုံးဈေး တစ်ပိသာငွေ (၄၀ဝ၀) ကျပ် ဈေးနှုန်း၊ ကွမ်းရွက်အနိမ့်ဆုံးဈေး တစ်ပိသာငွေကျပ် (၂၀ဝ၀) ဈေးနှုန်းရှိကြောင်း နှင့် ပြီးခဲ့သည့်နှစ် ယခုအချိန်တွင် ကွမ်းရွက်တစ်ပိသာ အမြင့်ဆုံးဈေး (၁၀ဝ၀) ကျပ်သာ ရှိခဲ့ကြောင်း ကွမ်းစိုက် တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
““ နွေရာသီရောက်တိုင်း ကွမ်းပင်တွေမှာ စုပ်ပိုးဝင်တာရော အပူရှိန် ကြောင့်အရွက်သေးတတ်တယ်၊ အရွက်လှအောင် ဘယ်လိုလုပ်ရသလဲဆိုရင် စိုက်ခင်းပေါ်မှာလက်ရှိ အမိုးမှာကို ထပ်ပြီးတော့ အရိပ်ပါးပါး တင်ပေးရတယ်၊ ကွမ်းရွက် အပင်ခြေမှာ ဆောင်းအကုန်မှာကြွကျေတဲ့ သစ်ရွက်ဆွေးမှန်သမျှကို အမှိုက်ပုံထဲကို မပစ်ဘဲ အသုံးချမယ်ဆိုရင် မြေဆွေးရသလို ရာသီဥတုအပူရှိန်ကိုလည်း ကာကွယ်ပေးသလိုဖြစ်တယ်၊ အဲဒါမှအရွက်တွေ လှလာမှာဖြစ်တယ်၊ အခုနှစ်ကတော့ နွေရာသီမှာ ကွမ်းရွက်စိုက်ခင်းကို ဂရုတစိုက် လုပ်ကိုင်တဲ့တောင်သူတွေ ပိုပြီးအကျိုးရှိမှာ ဖြစ်ပါတယ်”” ဟု မုံရွာမြို့နယ် လယ်ဇင် စံပြကျေးရွာမှ ကွမ်းစိုက်ပျိုးရေးတောင်သူ ဦးငွေသောင်းက ပြောသည်။
ယခုနှစ်တွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကြောင့် ကွမ်းရွက်ဈေးကွက်ကို ထိခိုက်မှုမရှိ သော်လည်း နွေရာသီ၌ဖြစ်လေ့ဖြစ်ထရှိသည့် အပူရှိန်မြင့်မားခြင်းနှင့် စုပ်ပိုးရောဂါကျရောက်ခြင်း တို့ကြောင့် ကွမ်းရွက်အထွက်နှုန်း ကျဆင်းသော်လည်း ကွမ်းရွက်ဈေးနှုန်းတွင် ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


