ဘားအံ ၂၁  မေ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေလ ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ကရင် ပြည်နယ်၊ ဘားအံမြို့ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းတွင် အသွားအလာ ကန့်သတ်စောင့်ကြည့် ခံနေသော မလေးရှားနိုင်မှ ပြန်လည်ဝင်ရောက်လာသူ(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း သိရှိပြီးနောက် ၎င်းတို့နှင့် ထိတွေ့မှုရှိခဲ့သည်ဟု ယူဆရသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ၂၃ ဦးကို  အမှတ်(၈)ရပ်ကွက် မိုးကုတ် ဝိပတ်သနာတရားစခန်းတွင် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု့ထားကြောင်း သိရသည်။

 

မိုးကုတ်ဝိပတ်သနာတရားစခန်း Quarantine တွင် တာဝန်ကျနေသော ဘားအံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါ်နန်းစုမာလေးက “ အဓိကတော့ သူတို့ကို လေဆိပ်ကနေပြီး ကြိုလာတာ၊ အဲဒီကနေထိတွေ့မှုရှိခဲ့တယ်လို့ ယူဆရတဲ့လူတွေ၊ ပြီးလို့ရှိရင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း Quarantine   မှာ တာဝန်ကျပြီး ထိတွေ့ ခဲ့တယ်လို့ ယူဆရသူတွေကို ဒီ မိုးကုတ်ဝိပတ်သနာ တရားစခန်း Quarantine မှာ အသွားအလာကန့်သတ်စောင့် ကြပ်ကြည့်ရှု့တဲ့ အနေနဲ့ ထားတာပါ၊ လက်ရှိကတော့ ကျန်းမာရေးကောင်းကြပါတယ် ဟု ပြောပါတယ်။

 

မိုးကုတ်ဝိပတ်သနာ တရားစခန်း Quarantine တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊  စေတနာ့ဝန်ထမ်း Volunteer ၂ ဦး၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၆ ဦး၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် မီးပျက်၍ သွားရောက်ပြင်ဆင်ပေးသော လျှပ်စစ်ဝန်ထမ်း ၂ ဦး၊  ရန်ကုန်မှ ဘားအံသို့ ပြန်လည်ပို့ဆောင်ပေးသော မော်တော်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ အပါအဝင် စုစုပေါင်း ၂၆ ဦးတို့သည် သံသယလူနာများအဖြစ် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု့မှုကို ခံယူနေကြကြောင်း သိရသည်။

 

အဆိုပါ လူပုဂ္ဂိုလ်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာစီး၊ချောင်းဆိုးကဲ့သို့သော အဖျားဝေဒနာများ၊ ကိုဗစ် ၁၉ ရောဂါ ဝေဒနာများ ခံစားရခြင်း ရှိမရှိ  စောင့်ကြပ် ကြည့်ရှု့လျက်ရှိပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာ(SWAB) များကိုရယူ၍ အမျိုးသား ကျန်းမာရေးဓါတ်ခွဲဌာနသို့ ပေးပို့ထားကြောင်း သိရသည်။

 

မေလ ၁၈ ရက်နေ့တွင် သိရှိရသည့်  covid_19 ပိုးတွေ့ရှိသည့် မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူ ၂ ဦး မှာ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာဆောင် (Isolation Unit)သို့ ပြောင်းရွေ့ဆေးကုသမှု ခံယူနေပြီး ၎င်းတို့ (၂)ဦးနှင့်အတူ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသည့် ကလေးတစ်ယောက်အပါအဝင် စုစုပေါင်း ၁၄ ဦးမှာ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း Quarantine Center တွင် ဆက်လက်စောင့်ကြည့်မှု ခံယူနေကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)