ရန်ကုန်  ၂၁  မေ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာအတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများက စုပေါင်း၍ ကျေးရွာအတွင်းရှိ ရဟန်းသံဃာတော် သာမဏေများနှင့် သီလရှင်တို့အား နဝကမ္မ ဝတ္တုငွေများနှင့် ဆွမ်းဆန်တော်များ ထောက်ပံ့လှူဒါန်းပွဲကို မေ ၁၉ ရက် နံနက် ၉ နာရီခွဲက ဗိုလ်ချုပ်ကျေးရွာ မင်္ဂလာကန်ဦး ပရိယတ္တိ စာသင်တိုက်အတွင်း၌ ကျင်းပသည်။

 

သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ မင်္ဂလာကန်ဦး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးမှ ဦးဆောင်ကာ သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင်၊ သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ ဗိုလ်ချုပ်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်နှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ အလှူရှင်များက ဗိုလ်ချုပ်ကျေးရွာ အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၂)ကျောင်းမှ ရဟန်းသံဃာ သာမဏေ စုစုပေါင်း (၁၈၉) ပါးနှင့် သီလရှင် ကျောင်း ၂ ကျောင်းတို့မှ ဆရာကြီး၊ ဆရာလေး သီလရှင် စုစုပေါင်း အပါး(၉၀) တို့အား နဝကမ္မ ဝတ္တုငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ငါးသေတ္တာဗူးများအား စုပေါင်း ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

 

 “ယခုလို ကိုဗစ်- ၁၉ ကပ်ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကျေးရွာအတွင်းရှိ ရဟန်း သံဃာတော် သာမဏေများနှင့် သီလရှင်များအားလုံး ရပ်/ရွာအတွင်း ဆွမ်းခံထွက်ခြင်းမပြုကြပဲ မိမိတို့ကျောင်းတိုက်များ၌သာ နေထိုင်သီတင်းသုံးခဲ့ကြတာ (၁) လကျော် ရှိနေကြပြီဖြစ်ကြောင်း၊ ကျောင်းတိုက်များတွင်လည်း ရက်၊ လ ကြာလာတော့ ဆွမ်း၊ ကွမ်းခဲဖွယ်ကိစ္စများ အခက်အခဲ ရှိကြတယ်လို့ ကြားသိရပါတယ် ။ဒါကြောင့် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်တောင်းယူပြီး မင်္ဂလာကန်ဦးကျောင်း ဆရာတော်ထံ သြဝါဒခံယူကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင် လမ်းညွှန်မှုနဲ့ သံဃာတော်များနှင့် သီလရှင်များ ဆွမ်း၊ ကွမ်း ထောက်ပံ့ရေးကော်မတီဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ပါတယ်၊ ဗိုလ်ချုပ်ကျေးရွာနှင့် ရပ်/ရွာ အသီးသီးကနေ အလှူငွေများနှင့် ဆွမ်းဆန်တော်များအား အလှူခံရရှိခဲ့ပါတယ်၊ အလှူခံရရှိတဲ့ အလှူငွေများနဲ့ ဆွမ်းဆန်တော်များကို ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင် ကျောင်းများကို အချိုးကျခွဲဝေပြီး ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပါတယ် ဟု သန်လျင်မြို့နယ် ဥပဋ္ဌာကာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောကြားသည်။

 

ထို့နောက် သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က လှူဒါန်းမှုအတွက် ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားကာ မင်္ဂလာကန်ဦး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပညာသီရိ ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားတော် နာယူကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုစုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

ယနေ့လှူဒါန်းသော ဗိုလ်ချုပ်ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၂) ကျောင်းမှ ရဟန်းသံဃာ သာမဏေ စုစုပေါင်း (၁၈၉) ပါးနှင့် သီလရှင်ကျောင်း ၂ ကျောင်းမှ ဆရာကြီး၊ ဆရာလေး သီလရှင် စုစုပေါင်း အပါး (၉၀) တို့အား နဝကမ္မအလှူငွေ စုစုပေါင်းငွေကျပ် သိန်း (၈၀) ကျော်၊ ဆွမ်းဆန်တော် (၂၈) အိတ်နှင့် ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ငါးသေတ္တာဗူးများအား လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)