မန္တလေး  ၂၁  မတ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ယာယီပိတ်ထားခဲ့သည့် မန္တလေးမြို့ ဈေးချိုတော်၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးများရှိ ဈေးရုံများအားလုံးကို မေ ၂၂ ရက်မှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကာ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဈေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အစီအမံများဖြင့် စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဈေးရုံအသီးသီး၏ ဈေးဆိုင်လျှောက်လှမ်းများ ကျယ်ပြန့်စေရေး၊ လေဝင်လေထွက်နှင့် အလင်းရောင် ကောင်းမွန်စွာ ရရှိစေရေးနှင့် သတ်မှတ်ဧရိယာထက် ကျူးကျော်ခင်းကျင်းထားသည့် ကုန်ပစ္စည်းများ၊ ဗီရိုများနှင့် ထိုင်ခုံများ ဖယ်ရှားရှင်းလင်း ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် စည်ပင်ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များနှင့် ဈေးသူဈေးသားများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး မန္တလေးမြို့တော်ဝန်မှ အဆိုပါပြင်ဆင်ထားရှိမှုတို့ကို မေ ၁၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

‌ေ

 

“မြို့တော်ဝန်က မန္တလေးဈေးချိုတော် တောင်၊ မြောက် တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံဈေးတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ဒီနေ့မှာပဲ ခွင့်ပြုခဲ့ပါတယ်။ ဈေးဖွင့်ပြီးသွားရင်လည်း မြို့တော်ဝန်ကိုယ်တိုင် လိုက်လံစစ်ဆေးပြီး သတ်မှတ်စည်းကမ်းနဲ့ ကိုက်ညီမှုမရှိတဲ့ဆိုင်တွေကို အရေးယူမှုတွေ ပြုလုပ်သွားမှာပါ။ ဈေးဝယ်နဲ့ ဈေးသည်တွေကို အဓိက ဝင်ပေါက်တွေမှာ ကိုယ်အပူချိန်တိုင်း ကိရိယာနဲ့စစ်ဆေးဖို့ လက်ဆေးဘေစင်တွေထားရှိဖို့၊ ဆိုင်တိုင်းမှာလည်း လက်သန့်ဆေးရည်တွေ ထားရှိဖို့၊ ဈေးဝယ် ဈေးသည်တွေအားလုံး အချိန်ပြည့် စနစ်တကျ Mask တပ်ဖို့ Social Distancing ဖြစ်အောင် ဆိုင်ခန်းတစ်ခန်းကို ပိုင်ရှင်နဲ့ ဝန်ထမ်းတစ်ဦးစီသာ ထားရှိဖို့တွေအပြင် ကုန်အမှာစာတွေကို ဖုန်းနဲ့လက်ခံပြီး ကုန်ပစ္စည်းတွေကို အိမ် သို့မဟုတ် ဂိုဒေါင်ကနေ ထုတ်ပေးကာ ဆိုင်ကို ရုံးခန်းသဖွယ် အသုံးပြုတဲ့ ရောင်းဝယ်မှုပုံစံအသစ်နဲ့ ပြောင်းလဲရောင်းချရမယ့် အစီအစဉ်တွေကို လုပ်ဆောင်ပြီး ဈေးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုတာ ဖြစ်ပါတယ်'' ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

အဆိုပါဈေးများအားလုံးကို မေ ၂၂ ရက်မှစတင်၍ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဈေးဖွင့်ချိန် သတ်မှတ်ကာ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ပြီး ၎င်းဈေးများရှိ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုသွားမည် ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ  ဈေးပေါင်း ၄၁ ဈေးနှင့် စည်ပင်နှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့် အရောင်းဆိုင်များကို ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စည်းကမ်းချက်များ သတ်မှတ်၍ ပထမဦးစားပေးအဖြစ် မေ ၁၆ ရက်တွင် ပြန်လည်၍ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ထို့ပြင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်သွားရန် ၁၀ ရက်တာ အချိန်ကာလတစ်ခုအဖြစ် သတ်မှတ်ပေးထားပြီး ပြင်ဆင်ပြီးစီးမှုကို အကြောင်းကြားလာပါက သတ်မှတ်အဖွဲ့အစည်းများမှ လာရောက်စစ်ဆေးကာ ကျေနပ်မှုရှိပါက ဆိုင်ထိုင်ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ငွေပေးဆောင်စေခြင်းနှင့် တတိယအကြိမ်အဖြစ် မလိုက်နာပါက ကာလ အကန့်အသတ်တစ်ခုအထိ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)