ညောင်ရွှေ  ၂၁  မေ

အင်းလေးကန် ရေရှည်တည်တံ့ ထိန်းသိမ်းရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသအတွင်း သစ်ပင် ပေါက်ရောက်မှုမရှိသော တောင်ကတုံးများတွင် သစ်စေ့မြေလုံး (Seed Ball) များ ဆူးထိုးစိုက်ပျိုးခြင်းကို အင်းလေးအရှေ့ သစ်တောကြိုးဝိုင်းအတွင်းရှိ ရန်အောင်မြင်တောင်ကုန်းတွင် စိုက်ပျိုးဆောင်ရွက်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် အင်းလေးကန် မတိမ်ကောရေးအတွက် သစ်တောသစ်ပင် စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိရာ ယခုနှစ် မိုးဦးပိုင်းကာလ မေလ တတိယပတ်အတွင်း သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် တောင်ကတုံးများတွင်  သစ်စေ့ ၇၂၀ဝ၀ ပါဝင်သည့် သစ်စေ့မြေလုံး (Seed Ball) ၂၄၀ဝ၀ လုံးကို ၉ ပေအကွာ ဆူးထိုးစိုက်ပျိုးခဲ့ပြီး သစ်စေ့မျိုးစုံ ၆၃၀ဝ၀ ကို ကြဲပက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်စေ့မြေလုံးများ ဆူးထိုးစိုက်ပျိုးရာတွင် ဘောစကိုင်း ၁၂၅၀ဝ လုံး၊ မယ်ဇလီ ၇၅၀ဝ လုံး၊ ရေသင်းဝင် ၄၀ဝ၀ လုံးကို ဒေသခံပြည်သူများနှင့်အတူ စိုက်ပျိုးခဲ့ပြီး ဆက်လက်၍ အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောရှိ သစ်ပင်ပေါက်ရောက်မှု နည်းပါးသည့် တောင်ကတုံးများတွင်လည်း သစ်စေ့မြေလုံး ၃၀ဝ၀ဝ ခန့် ဆူးထိုးစိုက်ပျိုးပြီး သစ်တောသစ်ပင်မျိုးစေ့ ၂၀ဝ၀ဝ၀ ကျော်ကို ကြဲပက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇမ်ဆွမ်းခိုင်၏ ပြောကြားချက်အရ သိရသည်။

နေမျိုးသူရိန်(ပြန်/ဆက်)