မကွေး ၂၁ မေ
ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သည့် Hotel Guest List Management System စနစ် အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ မေ ၂၁ ၇က်နေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ရုံးခွဲတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်မှ ဟိုတယ်/မိုတယ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များ၊ အကြံပြုချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့၏ ညွှန်ကြားချက်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များ၊ Hotel Guest List Management System အသုံးပြုနိုင်ရေးနှင့် ရရှိမည့် အကျိုးရလဒ်များအား ရှင်းလင်း ပြောကြားခဲ့သည်။
မေ ၂၁ ရက်တွင် ဟိုတယ်/ မိုတယ် တစ်လုံးလျှင် သင်တန်းသား နှစ်ဦးနှုန်းဖြင့် မကွေးမြို့ပေါ်ရှိ ဟိုတယ်၊ မိုတယ် ၁၀ လုံးမှ သင်တန်းသား/ သင်တန်းသူ ၂၀ ဦး၊ မေ ၂၂ ရက်နေ့တွင် မင်းဘူး၊ ရေနံချောင်း၊ ပွင့်ဖြူ၊ တောင်တွင်းကြီး စသည့်မြို့နယ်များရှိ ဟိုတယ်/မိုတယ်များမှ သင်တန်းသား ၂၀ ဦး၊ စုစုပေါင်း ၄၀ ဦးအား ပထမအကြိမ်အဖြစ် သင်တန်းပေးမည်ဖြစ်သည်။
ကျန်ဒေသများရှိ ဟိုတယ်/မိုတယ် များကိုလည်း သင်တန်းပေးနိုင်ရေး ဆက်လက်စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ သိရသည်။
ဇေယျတု(မကွေး)


