နေပြည်တော် ၂၁ မေ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို Online စနစ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မွန်ပြည်နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျိုက်မရောမြို့နယ်၊ ဖားဘောင်လှိုင်ဂူတော် အဝင်လမ်း (၁/၂ ဒသမ ၂)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ မြေသားလမ်းပြီးစီးမှု၊ ကွန်ကရစ်တံတား (၃)စင်းပြီးစီးမှု၊ ကွန်ကရစ်ရေပြွန် (၅)စင်းပြီးစီးမှုနှင့် တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် ဇွန်လအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးအေးကို က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရေဖြူအရှေ့စု- ရေဖြူအလယ်စု- ရေဖြူအနောက်စု- ကျောက်တောမြောက်- ကျောက်တောတောင် ကျေးရွာချင်း ဆက်လမ်း (၁/၆)မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးနေမှုအခြေအနေများ၊ သတ်မှတ်စံချိန်စံညွှန်း လုပ်ငန်းအရည်အသွေး၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Time Frame ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ လုပ်ငန်းတည်ဆောက်ပြီးစီးခဲ့မှု မှတ်တမ်းများ၊ တည်ဆောက်ဆဲ အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသ လူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိကလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှခွင့်ပြုပေးသည့် ရန်ပုံငွေဖြင့်သာမက နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများ၏ ထောက်ပံ့ကူညီမှုများဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကို ခွင့်ပြုချက် ရလျှင်ရချင်း နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက် (၁/၂၀၁၇) နှင့်အညီ ဘဏ္ဍာရေးနှစ်အစတွင် တင်ဒါခေါ်ယူလုပ်ငန်းအပ်နှံခြင်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေး မှူးများ၊ ခရိုင်မှူးများ၊ မြို့နယ်မှူးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာပြီး မိမိတို့ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ ညှိနှိုင်းတင်ပြချက်၊ ဒေသခံပြည်သူလူထုတို့၏ ပကတိလိုအပ်ချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များ အပေါ်အခြေခံပြီး နှစ်စဉ် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လျာထားဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း မြေလမ်း (၆) မိုင်၊ ကျောက်လမ်း (၂၂/၂) မိုင်၊ ကတ္တရာလမ်း (၃)မိုင်၊ ကွန်ကရစ်လမ်း (၁) မိုင်၊ တံတား ကြီး၊ ငယ်၊ လတ် (၁၂) စင်း၊ Box Culvert (၁၈) စင်း၊ စိုက်ပျိုးရေ/ သောက်သုံးရေ ရရှိရေးလုပ်ငန်း (၁၀) ခု၊ တန်ဖိုးနည်းအိမ်ရာ (၁၂)လုံးတို့ကို စုစုပေါင်း ရန်ပုံငွေကျပ် (၄၃၀၆ ဒသမ ၄၉၈) သန်းဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း မြေလမ်း (၁၁/၆) မိုင်၊ ကျောက်လမ်း (၂၃/၆) မိုင်၊ ကတ္တရာလမ်း (၂)မိုင်၊ တံတား ကြီး၊ ငယ်၊ လတ် (၅) စင်း၊ Box Culvert (၃၉) စင်း၊ စွမ်းအင် မီးသွယ်တန်းခြင်းလုပ်ငန်း (၅/၄) မိုင် တို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၄၄၄၀ ဒသမ ၇၀၂) သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


