မူဆယ်    ၂၁  မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးကာတွင် ယာယီရပ်နားထားသည့် လိုင်စင်ရ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မူဆယ်မြို့၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းချက်နှင့်အညီ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လမ်းညွှန်ချက်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ မရှိကို မေးမြန်းစစ်ဆေးခဲ့သည်။

“ကိုဗစ်-၁၉ ရောဂါကာလမှာ ခရီးသွားလုပ်ငန်းတွေ (လုံးဝ)ရပ်ဆိုင်းသွားပါတယ်၊ ခရီးသွားလုပ်ငန်းတွေဟာ အရေးကြီးတဲ့အပိုင်းမှာ ပါဝင်နေသလို ရပ်ဆိုင်းသွားတဲ့ ဟိုတယ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် အခြားဝန်ကြီးဌာနတွေနဲ့ ဝိုင်းဝန်းပူးပေါင်းပြီးတော့ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေပါတယ်” ဟု မူဆယ်မြို့၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ဇော်လင်းက ပြောသည်။

မူဆယ်မြို့၌ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိမှသာလျှင် ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် ကုသရေးကာလတွင် ယာယီရပ်နားထားသည့် ဟိုတယ်တစ်ချို့ကို မေ ၂၁ ရက်နေ့မှစတင်ပြီး ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။

မူဆယ်ခရိုင်အတွင်း၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ  ခွင့်ပြုလုပ်ငန်းလိုင်စင်ရရှိထားသော ဟိုတယ် စုစုပေါင်း ၁၇ ခုရှိပြီး မူဆယ်မြို့၌ ဟိုတယ် စုစုပေါင်း ၁၄ ခုရှိကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)