လွိုင်လင်  ၂၁  မေ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် မိုင်းပွန်-လုံအောင် -နောင်ယာဆိုင်း-ဟိုတင့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်းခွင့်သို့ ယနေ့နံနက် ၁၀ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ  ဒုတိယ ညွှန်ကြားရေးမှူး  ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ထောက်ပံ့ရန်ပုံငွေဖြင့် မိုင်းပွန်-လုံအောင် - လွယ်မွတ်-နောင်ယာဆိုင်း - ဟိုတင့်ကျေးရွာချင်းဆက် ကျောက်ချောလမ်းမှ ကတ္တရာလမ်းခင်းခြင်းအတွက် ကတ္တရာ (၄၈)တန်ကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အဆိုပါလမ်းပိုင်းသည် (၁၄/၄) မိုင်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် (၅/၄)မိုင် ကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် (၅/ဝ)မိုင်ကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၂/ဝ)မိုင်ကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်လမ်း (၂/ဝ)မိုင်ကို ဆောင်ရွက်ရန် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သော ကတ္တရာ(၄၈)တန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး  ဦးမျိုးဇော် ထံမှ သိရသည်။

ထိုသို့ စစ်ဆေးရာတွင် တာဝန်ရှိသူများသည်  ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးကာ  သတ်မှတ် ကာလအတွင်းပြီးစီးရန်နှင့် လမ်းအရည်အသွေး ကောင်းမွန်စေရန်တို့ကို အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူ များအား မှာကြားခဲ့သည်။ 

အဆိုပါ ကျေးရွာချင်းဆက်လမ်းပြီးစီးပါက ယင်းလမ်းပေါ်ရှိ ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၆၂၇ အိမ်နှင့်၊ လူဦးရေ ၃၆၆၂ ဦးတို့အား အကျိုးပြုမည်ဖြစ်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)