မြင်းခြံ  ၂၁  မေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဘဏ္ဍာရေးဆပ်ကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသော ရာဘာလက်အိတ် ၁၀ဝ ဘူး၊ KN-95 Mask ၁၅၀ ခုနှင့် Face Mask ၂၀ဝ၀ ခုတို့အား မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအုပ်စိုးမှ လက်ခံရယူခဲ့သည်။

မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဘဏ္ဍာရေးဆပ်ကော်မတီအနေဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ ကျပ် ၁၉၇ သိန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းပြီးကြောင်း သိရသည်။

ယခုလို လှူဒါန်းပေးသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများကိုလည်း Facility Quarantine Center များနှင့် မြို့ဝင်စစ်ရေးဂိတ်များသို့ ပြန်လည်ဝေမျှ အသုံးပြုသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အုပ်စိုးထံ က ပြောသည်။

မြင်းခြံမြို့ မြင်းခြံဒီဂရီကောလိပ်  Facility Quarantine Center တွင် အမျိုးသား ၃၄ ဦးနှင့် အထက(၃) တွင် အမျိုးသမီး ၅ ဦး စုစုပေါင်း ၃၉ ဦးရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)