ရန်ကုန်  ၂၁  မေ 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေ ဧက(၂၀ဝ၀) ကျော်ကို ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်ရန်နှင့် မိုးနှောင်းကာလတွင် ကွင်းအတွင်းမှ ပိုလျှံရေများကို သိုလှောင်မှုဖြင့် နွေစပါးသီးနှံ စိုက်ပျိုးရရှိရေးအတွက် အထောက်အကူပြုမည့် ခနောင်ရေထိန်းတံခါးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်း (၆၅၀ဝ)ဖြင့် တည်ဆောက်လျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ 

ဒလမြို့နယ်သည် အရှေ့ဘက်တွင် ရန်ကုန်မြစ်ဝ၊ မြောက်ဘက်တွင် ရန်ကုန်မြစ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိရာ ရန်ကုန်မြစ်မှတစ်ဆင့် ပင်လယ်မှဝင်ရောက်လာသော ရေငံများ ချောင်း၊ မြောင်းများအတွင်း စီးဝင်လေ့ရှိပြီး ရေချိုအရင်းအမြစ်မရှိသည့် ဒေသတစ်ခုဖြစ်သည်။  

ခနောင်ရေထိန်းတံခါးသည် ဒလမြို့နယ် အရှေ့ဘက်ခြမ်းရှိ ခနောင်ချောင်းပေါ်တွင် ဆောက်လုပ်ထားပြီး ၄ ပေ x ၆ ပေ အကျယ်ရှိ ရေတံခါးပေါက် ၃ ပေါက်ပါရှိသော ရေတံခါးတစ်ခုဖြစ်ကာ ရန်ကုန်မြစ်တွင် အမြင့်ဆုံး ဒီရေတက်ရောက် လာပါက ချောင်းမြောင်းများအတွင်း ဆားငံရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်၊ နုန်းအနည်ထိုင်ပို့ချမှု လျော့ချစေရန်နှင့် မိုးနှောင်းကာလ၌ ရေချိုသိုလှောင်ထားရှိပြီး ဆောင်းသီးနှံ နွေစပါးစိုက်ပျိုးထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍  အကောင်အထည်ဖော် တည်ဆောက်ခြင်း ဖြစ်သည်။

အဆိုပါ ခနောင်ရေထိန်းတံခါး တည်ဆောက်ခြင်းကြောင့် ခနောင်ရှမ်းစုကျေးရွာ၊ ခနောင်ဓနိတောကျေးရွာ၊ ခနောင်ရွာမကျေးရွာ၊ ခနောင်တောထဲကန်ကျေးရွာ၊ ခနောင်ချောင်းဝကျေးရွာ၊ ခနောင်မီးခြစ်စက်ကျေးရွာနှင့် ခနောင် အထက်ကျေးရွာတို့ရှိ  လယ်မြေဧကပေါင်း (၂၀ဝ၀) ကျော်ကို ရေကြီးရေလျှံမှုဘေးမှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း၊ မိုးရာသီရေသိုလှောင်မှုဖြင့် နွေစပါးစိုက်ပျိုးမှု၊ ဆောင်းသီးနှံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရန် မျှော်မှန်းထားရှိကြောင်း၊ ယခင်က ရခိုင်ချောင် ရေထိန်းတံခါးမှ ရေချိုသိုလှောင်မှုဖြင့် သရောတန်းကျေးရွာ၊ ကျွဲလူးအိုင်ကျေးရွာနှင့် သမ္ဘာန်ချောင်းကျေးရွာတို့ရှိ လယ်မြေများကိုသာ နွေစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ခနောင်ရေထိန်းတံခါး တည်ဆောက်ပြီးစီးသွားပါက ခနောင်ကျေးရွာ(၇)ရွာအတွင်းရှိ တောင်သူဦးကြီးများ၏ လယ်ယာမြေများအတွက် နွေစပါးသီးနှံများ ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းသူဟန် က ပြောသည်။   

ထို့အတူ ဒလမြို့နယ်၌ မိုးစပါးစိုက်ပျိုးသော တောင်သူဦးကြီးများ၏ လယ်ယာမြေအတွင်း ရေကြီးရေလျံမှု မဖြစ်ပေါ် စေရေးအတွက်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်း ၁၄ ခု၊ အရှည်အားဖြင့် ၃၆ ဒသမ ၁၂ မိုင်၊   ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချောင်းကော၊ မြောင်းကော တူးဖော်ခြင်း လုပ်ငန်း(၁၀)ခု၊ အရှည် ၃၀ ဒသမ ၄၅ မိုင်နှင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်း(၁)ခု၊ အရှည် ၁ ဒသမ ၆၀ မိုင်ကို  ပြန်လည်တူးဖော်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခနောင်ရှမ်းစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကျော်က “ခနောင်ရေထိန်းတံခါး တည်ရှိတဲ့ ခနောင်ရှမ်းစု ကျေးရွာအုပ်စုမှာ  ခနောင်ဓနိတောကျေးရွာ အပါအဝင် လယ်မြေ (၁၁၂၅)ဧက ရှိပါတယ်၊ ရေထိန်းတံခါး တည်ဆောက်ပေးမှုကြောင့် ပထမဦးဆုံးအနေနဲ့ ဒေသခံ တောင်သူဦးကြီးများရဲ့ လယ်ယာမြေတွေ ရေကြီးရေနစ်မြုပ်မှု မဖြစ်ပေါ်တော့ဘူး၊  လာမယ့်နှစ် နွေရာသီမှာဆိုရင်လည်း လယ်ထဲက ပိုလျှံတဲ့ရေတွေကို ချောင်း၊ မြောင်းအတွင်းက တစ်ဆင့် ရေတံခါးထဲကို သိုလှောင်ပေးနိုင်မှာဖြစ်လို့၊  ချောင်း၊ မြောင်းနဲ့နီးစပ်တဲ့ နေရာတွေမှာ ရေလုံလုံ လောက်လောက်ရနိုင်မှာပါ၊ အဲ့ဒီအချိန်မှာ နွေစပါးစိုက်ပျိုးနိုင်မယ်၊  ပဲစိုက်မယ်၊ သစ်သီးဝလံတွေ စိုက်ပျိုးမယ့် တောင်သူတွေ ရှိပါတယ်၊ အရင်က တစ်သီးစားပဲ စိုက်ပျိုးနိုင်တာ၊ အခု နှစ်သီးစား စိုက်ပျိုးနိုင်တော့မှာဖြစ်လို့ အတိုင်းမသိဝမ်းသာပါတယ် ” ဟု ပြောသည်။

ဒလမြို့နယ်၌ ချောင်းကောများ တူးဖော်ရန် ကျန်ရှိနေသည့်  ရှမ်းကန်ချောင်း (ဝ.၄၂)မိုင်၊  စစ်ပင်ရိုးချောင်း (၁.ဝ၆)မိုင်၊ ဖိုးချိုရိုးချောင်း (ဝ.၈၉)မိုင်၊ လိပ်ကုန်းချောင်း(၁.၅)မိုင်၊ ပျော်ဘွယ်ကြီးစံပြကျေးရွာ ရွာတွင်းချောင်း (ဝ.၉၅)မိုင်နှင့် ကမာအောင်ချောင်းသွယ် (ဝ.၉၅) မိုင် စသည့်ချောင်းများကို တူးဖော်ပေးနိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ရရှိသောရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒလမဲဆန္ဒနယ်မှ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ)ဦးမြသိန်းထံမှ သိရသည်။ 

ဒလမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နှစ်စဉ်ကြုံတွေ့နေရသော လယ်မြေများ ရေနစ်မြှုပ်ခြင်း၊ စိုက်ပျိုးစပါးများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့်  ဒေသခံတောင်သူလယ်သမားကြီးများ၏ အခက်အခဲများကို ဖြေလျော့ ဆောင်ရွက်ပေးနိုင်ရေးအတွက်  ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်ခြင်းနှင့် ရေတံခါးများ ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ကမာအောင်ရေထိန်းတံခါးအသစ် တည်ဆောက်နိုင်ရေးအတွက် ဘူမိဗေဒ စမ်းသပ်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် တင်ပြတောင်းခံထားပြီး၊ စမ်းသပ်မှုကရရှိသော အခြေအနေပေါ်မူတည်၍ ဒီဇိုင်းပုံစံရေးဆွဲပြီးမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားတင်ပြထားကြောင်း ဒလမဲဆန္ဒနယ်မှ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ) ဦးမြသိန်းက ဆက်လက်၍ပြောကြားသည်။

ဒလမြို့နယ်၌ လယ်ယာမြေပေါင်း ၄၆၈၂၁ ဧကရှိပြီး၊ ယခင်က ရခိုင်ချောင်ရေထိန်းတံခါးမှ  ရခိုင်ချောင် ချောင်းအတွင်း  ရေချိုသိုလှောင်မှုဖြင့် နွေစပါး ၇၇၁ ဧက ကိုသာ စိုက်ပျိုးနိုင်ခဲ့ရာ လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလ၌ ရေချိုရရှိမှုအပေါ်မူတည်၍  နွေစပါး ဧကပေါင်း (၂၀ဝ၀)ခန့်  လျာထားစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးသူထံမှ သိရသည်။

သတင်းဆောင်းပါး-နိုင်လင်းကျော်(ဒလ)