နေပြည်တော် ၂၁ မေ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကိုဗစ်-၁၉ ကာလအတွင်း သတင်းထုတ်လွှင့်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ အန္တရာယ် ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအနက် အခက်အခဲများရှိပါက နည်းလမ်းရှာပြီး ဖြေရှင်းနိုင်ရေး ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဝန်ထမ်းများ နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် (၃)ဆိုင်းဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်နေမှု၊ ခွင့်ပြန်ဝန်ထမ်းများ ပြန်လည်ရောက်ရှိပါက ညွှန်ကြားချက် နှင့်အညီ Quarantine -၂၁ ရက်ထားရှိမှု၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ရုံ၊ အလုပ်ရုံ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးခဲ့မှုနှင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းများထုတ်ပြန်မှု၊ ပညာပေးအစီအစဉ်များ ထုတ်လွှင့်မှုတို့အပြင် ကျင်းပလျက်ရှိသည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် ရိုက်ကူးထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများက ဝန်ကြီးရုံးနှင့် ဌာနများအလိုက် ဆောင်ရွက်မှုအခြေအနေများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စတူဒီယိုခန်းမတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအနက် “ရွေးကောက်ပွဲအကြောင်း သိကောင်းစရာအစီအစဉ်များ’’ကို ကြည့်ရှုပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် သတင်းစုဆောင်းမှု အပါအဝင် ရုပ်/သံ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ သတင်းထုတ်လွှင့်မှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို လည်းကောင်း၊ စတူဒီယိုခန်းမ၌ ပိုးသတ်ဆေးဖျန်းမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။
သတင်းစဉ်


