လွိုင်ကော် ၂၂ မေ
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပြန်လည် ဦးမော့လာစေရေး၊ ကိုဗစ်-၁၉ ကာလအလွန် ဆက်လက် လုပ်ဆောင်သင့်သည့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ အစိုးရဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များ ပါဝင်ဆွေးနွေးခဲ့သည့် “ကိုဗစ် ကာလအလွန် စီးပွားရေးအခြေအနေ Online ဆွေးနွေးပွဲ”ကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး ဦးမျိုးလွင်၊ ပြည်နယ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှူး ဒေါ်မေမျိုးဇော်၊ ပြည်နယ်လူမှုဖူလုံရေး ဦးစီးဌာနမှူး ဒေါ်မြတ်မြတ်ဦး၊ SME Business Institute ဦးစိုးဟိန်း (အာဆီယံ စီးပွားရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ်)၊ ကယားပြည်အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ဦးလှမိုး၊ Gold Hotel မှ ဦးအာကာကျော်၊ ဆွေဆက် စတိုးဆိုင် လုပ်ငန်းရှင် ဦးမိုးထက်ပိုင်ဦးနှင့် SMEBI မှ Regional Director ဦးကောင်းထက်ပိုင်တို့မှ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကိုဗစ် ကာလ အတွင်း စီးပွားရေး ထိခိုက်မှုရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအား အားပေးအမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင် (၃)ဦးမှ လုပ်ငန်းထိခိုက်မှု အခြေအနေများအား အသီးသီး တင်ပြဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များမှ မေးခွန်းများ အပြန်အလှန်မေးမြန်းခြင်းနှင့် ဌာနများမှ ပြန်လည် ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး ကိုဗစ် ကာလအလွန် ဆက်လက်လုပ်ဆောင်သင့်သည့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာများကို ဦးစိုးဟိန်း (အာဆီယံစီးပွားရေးအဖွဲ့အကြံပေးပုဂ္ဂိုလ်)မှ လိုအပ်သည်များ အကြံပြု ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မင်းထွန်း (ပြန်/ဆက်)


