ပြည် ၂၂ မေ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် နွေစပါးစိုက်တောင်သူများ၏ ရိတ်သိမ်းလျက်ရှိသည့် မိုးစိုစပါးများလေလွင့် ဆုံးရှုံးမှု မရှိစေရန်ရည်ရွယ်၍ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ မိုးစိုစပါးများကို အခမဲ့အခြောက်ခံ ပေးခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"တောင်သူတွေရဲ့လက်ရှိနွေစပါးတွေဟာ မိုးရာသီမှာ ရိတ်သိမ်းရတာဖြစ်တဲ့အတွက် မိုးစိုနေတဲ့စပါးတွေကို ခရိုင်စက်မှု လယ်ယာဦးစီးဌာနအနေနဲ့ ပြည်ခရိုင်ပေါက်ခေါင်းမြို့မှာ အခြောက်ခံစက်ထားရှိပြီး စပါးအခြောက်ခံပေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးစိုစပါးများကို စပါး အခြောက်ခံစက်ဖြင့် အခမဲ့လာရောက် ဆောင်ရွက်နိုင်ပါရန် ခရိုင်အတွင်းတောင်သူများကို ဖိတ်ခေါ်ကြောင်း" စက်မှုလယ်ယာဦးစီးဌာနပြည်ခရိုင် ဦးစီးမှူး ဦးလှမြိုင်က ပြောသည်။
ထို့အပြင် စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် ပြည်ခရိုင်အတွင်းမြို့နယ်(၆) မြို့နယ်ရှိတောင်သူများ၏ လယ်ယာမြေများကို ထွန်ရက်ပေးခြင်း ဝန်ဆောင်မှု၊ ရိတ်သိမ်းခြွလှေ့ပေးခြင်း ဝန်ဆောင်မှုနှင့် တောင်သူပိုင်/ပုဂ္ဂလိကပိုင် လယ်ယာသုံး စက်ကိရိယာများကို ပြင်ဆင်ပေးခြင်း ဝန်ဆောင်မှု တို့ကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


