နေပြည်တော် ၂၂ မေ
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း နှစ်စဉ် နွေရာသီ ကာလတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့လျက်ရှိသော မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူ လူထုများသို့ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်ဖြင့် ဖြန့်ဝေ လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ပျဉ်းမနားမြို့နယ်၊ ဇီးရိုင်းကျေးရွာသို့ ရေဂါလံ (၄၀ဝ၀) နှင့် ကံဦးကျေးရွာသို့ ရေဂါလံ (၂၀ဝ၀)၊ စုစုပေါင်း ရေဂါလံ (၆၀ဝ၀)ကို ရေသယ်ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေ လှူဒါန်းပေးခဲ့သည်။
ယခုနွေရာသီတွင် သောက်သုံးရေ ရှားပါးသောနေရာများသို့ ရေလှူဒါန်းဆောင်ရွက်လျက်ရှိရာ ဧပြီ(၂)ရက်မှ ယနေ့အထိ ပျဉ်းမနားမြို့နယ်၊ တောင်သာကျေးရွာအုပ်စု (၁)သို့ ရေဂါလံ (၄၀ဝ၀ဝ)၊ တောင်သာကျေးရွာ အုပ်စု(၂)သို့ ရေဂါလံ (၁၂၀ဝ၀)၊ ဂတိုးဆိပ်ကျေးရွာ အုပ်စုသို့ ရေဂါလံ (၅၀ဝ၀ဝ)၊ ဇေယျာသီရိ မြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စုသို့ ရေဂါလံ (၃၈၀ဝ၀)၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ အုပ်စုသို့ ရေဂါလံ (၅၈၀ဝ၀)၊ ရေဂါလံ စုစုပေါင်း (၁၉၈၀ဝ၀) အား ရေသယ်ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ မိုးမကျမီ ကာလအထိ သန့်ရှင်းသော သောက်သုံးရေများ အလှည့်ကျ ဖြန့်ဝေလှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


