မော်စကို ၂၃ မေ


အမေရိကန်က လှူဒါန်းလိုက်သော အသက်ရှူ အထောက်အကူပြုကိရိယာများ သယ်ဆောင်လာသော အမေရိကန်လေတပ်မှ ကုန်တင်လေယာဉ်တစ်စင်းသည် မေ ၂၁ ရက်က ရုရှားနိုင်ငံ မော်စကိုသို့ ဆိုက်ရောက်လာခဲ့ကြောင်းနှင့် တန်ဖိုးရှိလှသော ယင်းပစ္စည်းများကို ကိုဗစ်-၁၉ လူနာများကုသနေသော ဆေးရုံတစ်ရုံသို့ ပေးပို့ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။


လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှူဒါန်းမှု တစ်ခုအနေဖြင့် ရုရှားနိုင်ငံကို အမေရိကန်ထုတ် အသက်ရှူ အထောက်အကူပြုကိရိယာ ၂၀၀ ပို့ဆောင်ရန်ရှိသည့်အနက် ပထမဆုံးအသုတ်အနေဖြင့် အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ သန်းတန်ဖိုးရှိ အသက်ရှူအထောက်အကူ ပြုကိရိယာ ၅၀ ကို ပေးပို့လှူဒါန်းခဲ့ကြောင်း မော်စကိုရှိ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်သော ကြေညာချက်တွင် ဖော်ပြလိုက်သည်။


သံရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရေဗက်ကာရော့စ်က အမေရိကန်လေတပ် ကုန်တင်လေယာဉ်တစ်စင်း ရုရှားနိုင်ငံ မြို့တော် ဗနူကိုဗိုလေဆိပ်သို့ ရောက်ရှိပြီးနောက် အဆိုပါ လေယာဉ်ပုံကို အွန်လိုင်းတွင် ဖော်ပြခဲ့သည်။


ကပ်ရောဂါအကျပ်အတည်း ဖြစ်ပေါ်နေသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့သည် ပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် အတူတကွ ကြိုးစားဆောင်ရွက်နေကြောင်း သံရုံးပြောခွင့်ရပုဂ္ဂိုလ် ရေဗက်ကာရော့စ်က ပြောကြားလိုက်သည်။


ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာကာရိုဗာက ကျန်ရှိနေသော အသက်ရှူ အထောက်အကူပြု ကိရိယာများသည် ရှေ့တစ်ပတ်လောက်တွင် ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း ပြောကြားလိုက်သည်။


မေလ ၂၁ ရက်ပထမအသုတ် ပေးပို့လှူဒါန်းလိုက်သော အသက်ရှူအထောက်အကူပြု ကိရိယာများကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ပီရိုဂေါ့ဗ် အမျိုးသားဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်ဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


ရုရှားအသက်ရှူအထောက်အကူပြု ကိရိယာများကို နယူးယောက်သို့ ဧပြီ ၁ ရက်က ပေးပို့လိုက်ပြီးနောက် ယခုလို အမေရိကန်က လှူဒါန်းမှုပြုလုပ်လိုက်ခြင်း ဖြစ်သည်။ မေ ၁၂ ရက်က စိန့်ပီတာစ်ဘာ့ဂ်ျဆေးရုံတွင် ကိုဗစ်-၁၉ ကြောင့် ငါးဦးသေဆုံးခဲ့ပြီး မေ ၉ ရက်က မော်စကိုဆေးရုံတွင် လူတစ်ဦးသေဆုံးခဲ့သည်။


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွင် ရုရှားနိုင်ငံသည် အမေရိကန်ပြီးလျှင် ဒုတိယနေရာက ရပ်တည်လျက်ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံနေရသူ ၃၁၇၅၅၄ ဦးအထိ ရှိပြီး သေဆုံးသူ ၃၀၀၀ ကျော်လာပြီဖြစ်ကြောင်း သိရသည်။

 

အေအက်ဖ်ပီ