ကော့သောင်း ၂၃ မေ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကာလကြောင့် မြန်မာနိုင်ငံသို့ပြန်လာချင်သော်လည်း ထိုင်းနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၄၂ ဦး ၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း အလုပ်သမား ၆၇ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံကော့သောင်းမြို့သို့ ယနေ့ နံနက်ပိုင်းက ရေလမ်းခရီးဖြင့် မြို့မဆိပ်ကမ်းတံတားမှ တစ်ဆင့်လာရောက် လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကာလဖြစ်နေသဖြင့် မြန်မာလုပ်သမားများ ထိုင်းနိုင်ငံရနောင်းမြို့တွင် ကြန့်ကြာ နေခဲ့ခြင်းဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ယနေ့လာရောက် လွှဲပြောင်း ပေးအပ်ခြင်းဖြစ်သည်။
လာရောက်လွှဲပြောင်းပေးအပ်သည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက ရောဂါသံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးခဲ့ကြသည်။
လာရောက်လွှဲပြောင်း ပေးအပ်သူများမှာ ကော့သောင်းဒေသခံများ အပါအဝင် အခြားပြည်နယ်နှင့် တိုင်းများမှ ဖြစ်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမျိုးသားအလုပ်သမားများအား ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ၊ သဘာဝဘေး အရေးပေါ်ခိုလုံရာအဆောက်အဦးနှင့် အမျိုးသမီး အလုပ်သမား များအား အေးရိပ်ငြိမ်ရပ်ကွက် ၊ ကြက်တောင်အားကစားရုံ ရှိ Community Based Facility Quarantine Center များတွင် Facility Quarantine (၂၁) ထားရှိ စောင့်ကြည့် ကာ အလုပ်သမား အားလုံး၏ Swab နမူနာများအား အမျိုးသား ကျန်းမာရေးဌာနသို့ ပေးပို့ပြီး ဓာတ်ခွဲစစ်ဆေး၍ ရောဂါဖြစ်ပွားမှုကင်းရှင်းပါက သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး များမှ အဖွဲ့အစည်းများ ထံသို့ချိတ်ဆက်ကာ Home Quarantine (၇)ရက် ထားရှိစောင့်ကြည့်နိုင်ရေးစနစ်တကျ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးသွားဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


