ရွှေဘို ၂၃ မေ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပိတ္တောကျေးရွာတွင် မေ ၂၃ ရက် နံနက်ပိုင်းက မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၂၃ ရက် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာ၌ မီးလောင်နေ ကြောင်း သတင်းအရ ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဆာမူအဲလ် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဥ်တစ်စီး၊ ရေသယ်ယာဥ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ( ၁၀ ) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ရဲတပ်ဖွဲ့ဝင် ( ၃) ဦး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး (Rescue) ရွှေဘို ခရိုင်မှအဖွဲ့ဝင် ( ၁၅ ) ဦး၊ ကျေးရွာနေပြည်သူ ( ၃၀၀ ) ဦးတို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ဦးစိုးမြင့်၏ နှစ်ထပ်နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ဦးစိုးမြင့် ( ၃၇နှစ်) ၏ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း (၂) ထပ် လူနေအိမ် (၁) လုံး၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ် လူနေအိမ် (၁) လုံး၊ ယက္ကန်းစင် (၂) စင်၊ မီးလောင်ဆုံးရှုံးခဲ့ပြီး၊ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစိုးမြင့် (၃၇ နှစ်) ကို ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)