တနင်္သာရီ ၂၃ မေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက မေလ ၂၃ရက် နံနက် ၁၀ နာရီက တမုတ်ချုန်းကျေးရွာအုပ်စု- ရေဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးခန်းအတွင်း ဒေသခံ ရေလုပ်သားများအား ငါးသယံဇာတ ထိန်းသိမ်းခြင်း ဆိုင်ရာများအား သိရှိနားလည်ပြီး ပူးပေါင်းလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
ယင်းသို့ အသိပညာပေး ဟောပြောရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးပြည့်စုံက မြို့နယ်အတွင်းရှိ ဒေသစိတ်မျိုးရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေး၊ ငါးသယံဇာတများ ပိုမိုပေါများ ကြွယ်ဝလာစေရေး၊ ရေရှည်အစဉ်ဆက်မပြတ် စားသုံးနိုင်ရေး၊ ရေလုပ်သားများ၏ဘဝ ဖွံ့ဖြိုးတိုး တက်စေရေးတို့အတွက် မိုးတွင်းကာလ၌ သဘာဝမြစ်ချောင်း အင်းအိုင်များအတွင်းရှိ မျိုးရည် ပြည့်လျှံနေသော ငါးထီးကြီးများ၊ ဥများနှင့်ပြည့်ဝနေသောငါးမကြီးများ၊ ဥကပ်နေသော (သို့မဟုတ်)ဥနှင့် ပြည့်ဝနေသော ရေချိုပုစွန်ထုပ်ကြီးများအား ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းတို့ကို မပြုလုပ်ကြရန်နှင့် ငါးဦးစီးဌာနမှ တရားဝင်ပိတ်ပင်တားမြှစ်ထားသော ရေချိုပုစွန်ထုပ်ကြီးများ၊ ဥကပ်ကာလ (ဧပြီလ ၊မေလ၊ ဇွန်လ)များနှင့် ငါးရစ်ငါးသန်ကာလဖြစ်သည့်(မေလ၊ဇွန်လ၊ ဇူလိုင်လ)များတွင် ငါး/ပုစွန်တို့ မိတ်လိုက်ချိန်၊ ဥချချိန်၊ ငါး/ပုစွန်သားပေါက်များ ရှင်သန်ကြီးထွားချိန်တို့၌ ဖမ်းဆီးမှုများ မပြုလုပ်ကြဘဲ ပူးပေါင်း လိုက်နာဆောင်ရွက်ပေးကြရန် အသိပညာပေးဟောပြောခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ဝေသော ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခြင်းအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပညာပေး ဆွေးနွေးပွဲသို့ ရေဖြူကျေးရွာအင်းတော်အင်းမကြီးကို အခြေပြု၍ လုပ်ကိုင် အသက်မွေး နေကြသည့် ရေလုပ်သား(၁၀)ဦး တက်ရောက်ကြပြီး၊ သိလိုသည်များမေးမြန်းမှုအား မြို့နယ်ဦးစီးမှူး ဦးပြည့်စုံက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


