မြစ်ကြီးနား ၂၃ မေ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တောင်သူများအတွက် အဓိက စိုက်ပျိုးရေဖြန့်ဝေပေး လျက်ရှိသည့် ဝါရှောင်ရေလွှဲဆည်အား ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆည်စီမံကိန်းကာလအတွင်း တောင်သူများ စိုက်ပျိုးရေခက်ခဲမှု မဖြစ်ပေါ်စေရေး ယာယီရေတားတမံဖြင့် ရေဖြန့်ဝေပေးနေမှုတို့ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် ဝါရှောင်ရေလွှဲဆည်အနီး ဂွေရွတ်ယန်ကျေးရွာအတွင်း ဂွေရွတ်ယန် အပန်းဖြေစခန်းနေရာ၌ ဆည်မြောင်းဦးစီးဌာနမှ ယာယီရေတားတမံဖောက်လုပ်၍ ပင်မမြောင်းမကြီးမှ တစ်ဆင့် ရေဖြန့်ပေးဝေနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါ ယာယီရေတားတမံဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ ရေကျော်မှု မဖြစ်စေရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ဝါရှောင်ရေလွှဲဆည် ရှင်းလင်းဆောင်၌ ပြည်နယ်ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးဇော်မင်းနိုင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတို့က ဝါရှောင်ရေလွှဲဆည်၏ သမိုင်း ကြောင်းနှင့် ရေဖြန့်ဝေပေးနိုင်သည့် ရေသောက်ဧရိယာအခြေအနေ၊ ဆည်အဆင့်မြှင့်တင်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် စီမံကိန်းအခြေအနေများနှင့် ဆည်ပြုပြင်တည်ဆောက်စဉ် ကာလအတွင်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူများသောက်သုံးရေခက်ခဲမှုမဖြစ်ပေါ်စေရေးအတွက်ကိုလည်း မူလလျာ ထားသည့် ဇွန်လ(၁)ရက်မှ ရေစတင်လွှတ်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းပြီး ဆည်အထက် (၁) မိုင် အကွာမှ ပေ (၃၅၀) အရှည် ယာယီရေတားတမံကို ဆောက်လုပ်ပြီး တူးမြောင်းမကြီးမှ တစ်ဆင့် ရေပေးဝေနိုင်မှု အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မိုးတွင်းကာလဖြစ်သော်လည်း ရာသီဥတု အခြေအနေအရ တောင်သူများစိုက်ပျိုးရေ အခက်အခဲမရှိစေရေးနှင့် ဦးစီးဌာနအနေဖြင့် လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ချိန်အမီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ တောင်သူများအတွက် စိုက်ဧကတိုးချဲ့လာနိုင်ရေးအတွက် စိုက်ပျိုးရေ ဖူလုံစွာရရှိရေးကို ကြိုတင်စီမံချက်ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဝါရှောင်ဆည်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်ရွက် လျက်ရှိသည့် သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေ၊ နုန်းဖမ်းဆည် တစ်ခုတည်ဆောက်ခြင်းလုပ်ငန်း၊ ဆည်ကျောက်စီမြေထိန်းနံရံ ပေ (၅၄၀) တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဝါရှောင်ရေလွှဲဆည်သည် ကချင်ပြည်နယ်အတွင်း သမိုင်းဝင်ဆည်တစ်ခုဖြစ်ပြီး ဝိုင်းမော် မြို့နယ် အရှေ့မြောက်ဘက် (၁၀)မိုင်အကွာ ဝါရှောင်ရွာအနီးတွင် တည်ရှိကာ နန့်မြင်းခချောင်းရေအား ဖြတ်၍ ကွန်ကရစ်ရေလွှဲဆည် တည်ဆောက်ထားခြင်းဖြစ်ပြီး ဆည်တည်ဆောက်ရေးစီမံကိန်းကို (၁၉၆၂- ၁၉၆၃)ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆည်သည် အလျား (၂၇၂)ပေ၊ အမြင့်ပေ (၃၀) ရှိပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝါရှောင်၊ နန့်ဝါ၊ ဝူယန်၊ မဒိန်၊ မြို့မ(၁)(၂)(၃) (၄)(၅)၊ မုတ်လွဲ၊ ခတ်ချို၊ နောင်စီပေါ ကျေးရွာများရှိ လယ်မြေ (၁၁၄၄၆)ဧကကို ရေပေးဝေနိုင်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်


