မိုင်းယောင်း ၂၃ မေ
တရုတ်နိုင်ငံနှင့် အထူးဒေသ(၄)တွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား ၁၀၈ ဦးသည် ယနေ့တွင် အထူးဒေသ(၄) နမ့်ပန်းဒေသမှတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်းတံတားမှ ပြန်လည်ဝင်ရောက်လာကြသည်။
အဆိုပါ နေရပ်ပြန် မြန်မာအလုပ်သမားများအား မိုင်းလားအထူးဒေသ(၄) နမ့်ပန်း၌ အသွားအလာကန့်သတ်၍ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုခဲ့ပြီး အထူးဒေသ(၄) နမ့်ပန်းဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးလော်ချီ၊ နမ့်ပန်းဒေသ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအိုက်ဆမ်မွန်း၊ နမ့်ပန်းဒေသ ရဲတပ်ဖွဲ့ ဒုတိယဌာနမှူး ချစ်ဆန်း၊ ကျိန်းယဲန်းစခန်းမှူး မောင်အေး တို့ပါဝင်သောအဖွဲ့က ယနေ့ နံနက် ၇ နာရီ ၅၅ မိနစ်တွင် အထူးဒေသ(၄) နမ့်ပန်းဒေသနှင့် မိုင်းယုမြို့ ဧရိယာအစပ်သို့ မော်တော်ယာဉ် သုံးစီးဖြင့် လာရောက်ပို့ဆောင်ပေးခဲ့ရာ တာချီလိတ်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ လဝကဦးစီးမှူး ဦးမင်းနောင်နှင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့က ကြိုဆိုလက်ခံခဲ့သည်။
ထို့နောက် ကျန်းမာရေး စစ်ဆေးခြင်း၊ လူဦးရေစစ်ဆေးခြင်းများကို စိစစ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကာ ၎င်းတို့နေရပ်အသီးသီးသို့ လုံခြုံချောမွေ့စွာ ပြန်လည် ရောက်ရှိနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကာ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်တွင် မော်တော်ယာဉ် ငါးစီးဖြင့် မိုင်းယုမှ တောင်ကြီးသို့ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန် မြန်မာအလုပ်သမားများသည် မေ ၄ ရက်မှစ၍ မိုင်းယု-ကျိန်းယဲန်း တံတားမှတစ်ဆင့် ပြန်လည် ဝင်ရောက်လာခဲ့ကြရာ မေ ၂၃ ရက်အထိ ၁၅၁၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


