လားရှိုး  ၂၃  မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပါသည်။

 

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် မေလ(၆) ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာတွင် မေလ(၂၃)ရက်နေ့၌  နေရပ်ပြန်ပြည်သူ ကျား (၁၅၁)ဦး၊ မ (၈၆)ဦး စုစုပေါင်း (၂၃၇)ဦးတို့အား စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ (၂၃၇)ဦးတို့တွင် ကချင်ပြည်နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃၅)ဦး ၊ ပဲခူးတိုင်း ဒေသကြီးမှ (၄၆)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၈၀)ဦး ၊ မန္တလေး တိုင်းဒေသကြီးမှ(၃၂)ဦး ၊ နေပြည် တော်မှ(၅)ဦး ၊ ရခိုင်ပြည်နယ်မှ(၂၀)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၇)ဦးတို့ ဖြစ်ကြသည်။ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ တစ်ဆင့် မီးရထားခရီးစဉ်ဖြင့် ထပ်ဆင့်လွှဲပြောင်းပို့ဆောင်ပေးရာတွင် စားသောက်နေထိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးစစ်ဆေးခြင်းများ၊ ညအိပ်တည်းခိုရေး ကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များ  စီစဉ်ဆောင်ရွက် ပေးခြင်းတို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လားရှိုးခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့အဝင်များနှင့် စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ 

 

နန်းသန္တာဦး(ပြန်/ဆက်)