နေပြည်တော် ၂၃ မေ
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာ၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ မေ ၂၂ ရက် နံနက် ၄ နာရီက ငါးဖမ်းစက်လှေတိမ်းမှောက်ပြီး အမျိုးသား ၃ ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၈)ရပ်ကွက်နေ မျိုးအောင်(၃၇) နှစ် မောင်းနှင်ပြီး ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာနေ ရေလုပ်သား အောင်သူ(၃၅)နှစ်ပါ ၁၅ ဦးလိုက်ပါလာသော “ချယ်ရီ” ငါးဖမ်းစက်လှေသည် မုတ္တမပင်လယ်ဘက်မှ ရန်ကုန်မြစ်အတွင်းသို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် ရေလှိုင်းရိုက်ခတ်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း၊ အနီးရှိ ငါးဖမ်းစက်လှေများက မျိုးအောင်ပါ ၁၂ ဦးတို့အား ကယ်ဆယ်ရရှိခဲ့ပြီး အောင်သူပါ ၃ ဦးတို့မှာ ရေနစ်ပျောက်ဆုံးသွားသဖြင့် ဆက်လက် ရှာဖွေလျက်ရှိပြီး ရေယာဉ်မောင်း မျိုးအောင်အား ကွမ်းခြံကုန်း မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)