ပဲခူး ၂၄ မေ
ပဲခူးမြို့နယ် ရှမ်းရွာကြီးကျေးရွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၊ စာကြည့်တိုက်အမှတ်(၈)တွင် မေလ(၂၄)ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်းမှ ရှမ်းရွာကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြေနေရာအတွက် မတည်လှူဒါန်းငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းရွာကြီးကျေးရွာ ပစ္ဆိမာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပညာဓဇမှ ဩဝါဒမြွက်ကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက ရှမ်းရွာကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြေနေရာရှာဖွေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာမုဒိတာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတင်မောင်နိုင်(ကိုယ်စား) ညီဖြစ်သူ ဦးနေလင်းထိုက်မှ ရှမ်းရွာကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြေနေရာအတွက် မတည်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မတည်လှူဒါန်းငွေကျပ် (၁၃၅)သိန်းအားလည်းကောင်း၊ ဦးမောင်စိုး+ဒေါ်စန်းမိသားစုမှ အလှူငွေကျပ်(၁၀)သိန်းအားလည်းကောင်း၊ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးအောင်ငြိမ်းမှ အလှူငွေကျပ်(၃)သိန်းအားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းမြေနေရာရှာဖွေရေးကော်မတီထံ ပေးအပ်လှူခဲ့ကြောင်း သိရသည်။
ရှမ်းရွာကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/သူ(၅၁၉)ဦးခန့် ပညာသင်ကြားနေသည့် ကျောင်းဖြစ်ပြီး မြေဧရိယာ (၀ ဒသမ ၂၀) ဧကအတွင်း၌ ကျောင်းဆောင် (၄)ဆောင် ဆောက်လုပ်ထားကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းသည် ကျေးရွာအတွင်းလူနေထူထပ်သော နေရာတွင်ရှိနေသည့်အတွက် ရှမ်းရွာကြီးကျေးရွာ ပစ္ဆိမာရုံကျောင်းဆရာတော်၏ ဩဝါဒကိုခံယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်ဖြင့် အခြားသင့်လျော်သည့် ရွာ၏အပြင်နေရာတစ်ခုတွင် ရွေ့ပြောင်းနိုင်ရေးအတွက် ကျောင်းမြေနေရာရှာဖွေရေး ကော်မတီကိုဖွဲ့စည်းခဲ့သည်။
ယခုအခါ ရှမ်းရွာကြီးကျေးရွာနှင့် ပေ(၂၀၀)ခန့်အကွာ ရှမ်းရွာကြီးကျေးရွာသွား ကားလမ်းမကြီးနှင့် မီးရထားလမ်းအကြားရှိပြီး (၂.၀၀)ဧကကျယ်ဝန်းသည့် မြေနေရာကိုရှာဖွေရရှိသဖြင့် အဆိုပါ မြေနေရာအားဝယ်ယူရန်အတွက် ကျေးရွာမှလှူဒါန်းငွေကျပ်(၁၃၅)သိန်း၊ မြန်မာမုဒိတာ ဖောင်ဒေးရှင်းမှ မတည်လှူဒါန်းငွေ ကျပ်(၁၃၅)သိန်းတို့ဖြင့် ကျောင်းမြေနေရာအသစ်အား ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ သဘောထမှတ်ချက်ရယူပြီး ရွေ့ပြောင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


