မိတ္ထီလာ ၂၄ မေ
မိတ္ထီလာကန်ရေ ပေးဝေလျက်ရှိသည့် ပေါက်ချောင်းရပ်ကွက်တွင် ကန်ရေဆက်လက်ပေးဝေနိုင်ရေး ရေသွယ်မြောင်းနှင့် ရေစုကန်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်(၁၄)ခုတွင် လူဦးရေ တစ်သိန်းကျော်နေထိုင်လျက်ရှိပြီး သောက်သုံးရေအဖြစ် မိတ္ထီလာကန်ရေကို အဓိကအားထား၍ အသုံးပြုလျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ မိတ္ထီလာ ကန်ရေကို ရေသန့်စင်စက်ရုံများဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဝေပေးလျက်ရှိရာမှ မိတ္ထီလာကန်ရေကို လွတ်လပ်ရေးပန်းခြံအတွင်းရှိ အမှတ်(၁)ရေသန့်စက်ရုံဖြင့် မြို့မရပ်ကွက်၊ စျေးအရှေ့ပြင်၊ သီရိမင်္ဂလာ၊ ရန်မျိုးအောင်ရပ်ကွက်များနှင့် ပေါက်ချောင်းရပ်ကွက်အတွင်းရှိ အမှတ်(၂)ရေသန့်စက်ရုံဖြင့် ပေါက်ချောင်း၊ နန်းတော်ကုန်းရပ်ကွက်များကို သောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိသည်။ ၎င်းအပြင် အဝီစိတွင်းများဖြင့် အောင်ဆန်းရပ်ကွက်၊ ကျီးတော်ကုန်းရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်များကို ရေဖြန့်ဝေပေးလျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်သို့ ဖြန့်ဝေသည့် ရေတိုင်ပေါင်း ၉၃၁၃ တိုင် ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ မိတ္ထီလာကန်ရေများ ဖြန့်ဝေပေးလျက်ရှိရာမှ ယခင်နှစ်က မိုးရွာသွန်းမှုနည်းပါး၍ ကန်အတွင်း ရေဝင်ရောက်မှုနည်းပါသည့်အတွက် ပေါက်ချောင်းကွက်သစ်သို့ ရေတိုင်ပေါင်း ၁၉၀ ရေပေးဝေလျက်ရှိသည့် ရေစက်ရုံမှ ရေစုကန်မှာ ရေနည်းသည့်အတွက် ဆက်လက်ရေဖြန့်ဝေနိုင်ရေး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် ရေပိုမိုစုနိုင်ရန်နှင့် ရေဝင်ရောက်နိုင်ရန် အရှည် ပေ ၁၃၀ ရှိ ရေသွယ်မြောင်းနှင့် အကျယ် ပေ ၂၀ အနက် ၁၀ ပေ ရှိ ရေစုကန်ကို မေလ ၂၂ ရက်နေ့မှစတင်၍ ပြန်လည်တူးဖော်ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းက ပြောကြားခဲ့သည်။
၎င်းအပြင် မိတ္ထီလာမြို့ရေပေးဝေရေးလုပ်ငန်းကို တိုးချဲ့ပေးဝေနိုင်စေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဝန်ဇင်ရပ်ကွက်တွင် JICA အစီအစဉ်ဖြင့် ရေသန့်စင်စက်ရုံ တည်ဆောက်လျှက်ရှိသည်။ အဆိုပါ ရေသန့်စင်စက်ရုံ တည်ဆောက်ပြီးစီးပါက ဝန်းဇင်ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် ပြည်ထောင်စု ရပ်ကွက်များရှိ အိမ်ထောင်စု ၆၀၀၀ ကျော်ကို တိုးချဲ့ဖြန့်ဝေပေးသွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


