ကျောက်ပန်းတောင်း ၂၄   မေ

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေ ၂၀ ရက်နေ့က ရွာသွန်းခဲ့သောမိုးဖြင့် မိုးငတ်နေသည့် သီးနှံများ အဆင်ပြေခဲ့ကြပြီး၊ အချို့ပျက်စီးမှုရှိခဲ့သူများလည်း အချိန်မီအစားထိုး စိုက်ပျိုးနိုင်ခဲ့ ကြကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီ ၂၅ ရက်နေ့တွင် မိုးရေချိန်(၀.၃၁)လက်မ ရွာသွန်းခဲ့ပြီး၊ ၂၆ ရက်နေ့က မိုးရေ ချိန်(၁.၉၀)လက်မရွာသွန်းခဲ့ရာ၊ အဆိုပါ (၂) ရက်ဆက်ရွာသွန်းမိုးဖြင့် အညာတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်ခဲ့ကြပြီး၊ စိုက်ပျိုးမှုလုပ်ငန်းပြီးစီးခဲ့ချိန်မှစ၍ အပူချိန်များမြင့်မားလာခဲ့ပြီး၊ မိုးရွာသွန်းမှု မရှိတော့သဖြင့် နှမ်းသီးနှံအချို့ဖျက် သိမ်းခဲ့ရကြောင်းနှင့် မြေပဲသီးနှံများလည်း ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းနောက်မိုးစတင်ရွာသွန်းချိန်မှ ရက်ပေါင်း (၂၅)ရက်ကြာချိန်တွင် တောင်သူများမျှော်လင့်နေသောမိုးမှာ အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းအရှိန်ဖြင့် ရောက်ရှိလာခဲ့ပြီး မေ ၂၀ ရက်နေ့တွင် မိုးရေချိန် (၁.၆၅)လက်မ ရအောင်ရွာသွန်းခဲ့ရာ၊ သီးနှံခင်းလေးများ စိမ်းစိုလာခဲပြီး၊ အသက်ဆက်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဒဏ်မခံနိုင်ခဲ့၍ ပျက်စီးခဲ့သည့် သီးနှံများလည်း အချိန်မီအစားထိုး စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)