ရန်ကုန် ၂၄ မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ်၌ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဦး၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့် အချက်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

 

ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များသို့ သွားရောက်၍ ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ရောက်ရှိလာသည့် စားသုံးသူများ အားလုံးကို အဝင်ဝတွင် အပူချိန်တိုင်းခြင်းနှင့် လက်ဆေးစေရန်၊ဆိုင်အား လေဝင်၊ လေထွက် ကောင်းမွန်စေရန် ပြတင်းပေါက်များ ဖွင့်ထားရန်၊ တစ်ဦးနှင့်တစ်ဦးကြားတွင် မှန်ပြား၊သစ်သားပြားတို့ဖြင့် အကန့်ကန့်ထားရန်၊ ပန်းကန်နှင့်ဇွန်းများကို ပိုးသတ်ထားရန်၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ပိုစတာများ၊ ဗီနိုင်းများ တပ်ဆင်ထားရန်၊ ဆိုင်ဝန်ထမ်းများ နှာခေါင်းစည်း၊ မျက်နှာကာ၊ ခါးစည်းရှေ့ကာနှင့် လက်အိတ်စသည်တို့ကို ဝတ်ဆင်ထားရန်၊လုပ်ငန်းဆောင်ရွက်နေစဉ် ဖျားခြင်း၊ ချောင်းဆိုခြင်း၊ နှာချေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် သံသယလက္ခဏာတစ်ခုခု ခံစားရပါက အလုပ်မှ ချက်ချင်း အနားပေး၍ နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ပြီး လိုအပ်သော ဆေးကုသမှု ခံယူရန် စသည်တို့နှင့် စားသုံးသူများအနေနှင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်များကို လိုက်နာရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

 

မင်္ဂလာဒုံမြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ဇွဲထက်ကို၊ ဇင်ငြိမ်းအိ(ပြန်/ဆက်)