ကျွန်းစု  ၂၄   မေ

 

လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ကျွန်းစုမြို့တွင် ယခင်က စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုသော်လည်း ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြင်ဆင်နိုင်ရန်အတွက် ဆိုင်ပိုင်ရှင်များနှင့် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကျွန်းရတနာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်နိုင်ရေးအတွက် အချိန်(၁၀)ရက်ခန့်ပေး၍ ပြီးစီးမှုအား ကြီးကြပ်ရေးအဖွဲ့မှစစ်ဆေးကာ ကျေနပ်မှုရှိမှသာ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းညွန့်က စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပြင်ဆင်ထားရှိရန် အချက်(၁၁)ချက်၊ စားသောက်ဆိုင်တာဝန်ရှိသူနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်၊ စားသုံးသူလိုက်နာဆောင်ရွက်ရမည့် အချက်(၈)ချက်နှင့် အထူးဂရုပြု လိုက်နာဆောင်ရွက်ရမည့် အချက်(၄)ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟက အထက်ပါအချက်များအား စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များတွင် ပြင်ဆင်ထားရှိရန်၊ ပြင်ဆင်ထားရှိပြီးသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှု မရှိသော ဆိုင်များအား ပထမအကြိမ်အဖြစ် သတိပေးခြင်း၊ ဒုတိယအကြိမ်အဖြစ် ဒဏ်ငွေရိုက်ခြင်း၊ တတိယအကြိမ်အဖြစ် ကာလတစ်ခုအထိ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးက ကျန်းမာရေးနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ လိုက်နာရမည့်အချက်များ၌ အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ပိုင်ရှင်များက သိရှိလိုသည်များကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

မင်းကျော်စော(ပြန်/ဆက်)