တောင်ကြီး ၂၄ မေ
ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်လိမိတက် နာယကနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် လက်မောင်းကွေးကျေးရွာအုပ်စု ပန်းတင်ရွာ၊ ကျောင်းနားကျေးရွာနှင့် ဟဲရာရွာမကျေးရွာများသို့ သွားရောက်၍ ကျေးရွာနေ အခြေခံပြည်သူများအား စားနပ်ရိက္ခာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်လိမိတက် နာယက ဦးအောင်ကိုဝင်းနှင့် ဘဏ်အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ အဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ် လက်မောင်းကွေးကျေးရွာအုပ်စု ပန်းတင်ရွာနှင့် ကျောင်းနားကျေးရွာများသို့ ယနေ့နံနက် ၉ နာရီတွင် ရောက်ရှိပြီး ကျေးရွာနေ တောင်ရိုးတိုင်းရင်းသား အိမ်ထောင်စု (၅၀၀)အတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲ ပါဝင်သည့် ရိက္ခာထုပ် (၅၀၀)၊ ငွေကျပ်တစ်သောင်းစီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ထားသည့် အိမ်ခြံဥယာဉ် (Home Garden) အတွက် ပျိုးပင်များနှင့် မျိုးစေ့များအား တိုင်းရင်းသားပြည်သူ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းပြီး ကျောင်းနားကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်အိတ်(၂၀)နှင့် ဆီ(၅)ပုံးအား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟဲရာရွာမသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိပြီး ကျေးရွာနေ အင်းတိုင်းရင်းသား အိမ်ထောင်စု (၅၀၀)အတွက်၊ ရိက္ခာထုပ်ပေါင်း (၅၀၀)၊ ငွေကျပ် တစ်သောင်းစီနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့အပြင် ဟဲရာရွာမရှိ ရွှေဘုံသာဘုန်းကြီးကျောင်းမှ ရဟန်းသံဃာများအတွက် ဆန်(၅၀)အိတ်၊ ဆီ(၁၀)ပုံးအား အဆိုပါကျောင်း ဆရာတော်ထံလှူဒါန်းပြီး ဟဲရာရွာမရွာရှိ တံတား(၃)စင်း ဆောက်လုပ်ရန်အတွက် ဘိလပ်မြေအိတ်(၆၀၀)နှင့် အလှူငွေများအား လည်းကောင်း၊ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များက တောင်ကြီးမြို့ မြို့ပေါ်ရှိ ကျောင်းကြီးစုရပ်ကွက်၊ ကံကြီးရပ်ကွက်နှင့် ချမ်းသာရပ်ကွက် ရပ်ကွက်(၃)ရပ်ကွက်ရှိ အခြေခံပြည်သူ အိမ်ထောင်စု (၁၀၈၁)စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်ပေါင်း (၁၄၅၁)ထုပ်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်လီမိတက်၏ မတည်လှူဒါန်းငွေ ကျပ်သိန်း (၅၀၀၀)ကျော်နှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများပါဝင်သည့် ရိက္ခာထုတ်ပေါင်း(တစ်သိန်း)အား ဖြန့်ဝေနိုင်ရန် စီမံဆောင်ရွက်ထားရှိပြီး ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားမျိုးစုများ နေထိုင်ရာ ဒေသများသို့လည်းကောင်း၊ စစ်ဘေးရှောင်စခန်းများအား လည်းကောင်း၊ သာသနာရေးဆိုင်ရာ ကျောင်းများနှင့် ပရဟိတကျောင်းများအား ဖြန့်ဝေလှူဒါန်းလျက်ရှိရာ ယနေ့ ပြည်သူလက်ဝယ်အရောက် လှူဒါန်းခြင်းသည် စတုတ္ထနေ့ဖြစ်ကြောင်း၊ စားနပ်ရိက္ခာထုပ်များ ဆက်လက်လှူဒါန်းသွားနိုင်ရန် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား စောင့်ကြည့်စင်တာများအတွက် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကိုလည်း နေရာအရောက် အဆက်မပြတ် ပေးပို့လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။
စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)


