တောင်ကြီး ၂၄ မေ
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၉၉)ဦးတို့အား ယနေ့မွန်းလွဲ (၁၁)နာရီတွင် တောင်ကြီးမြို့ Taunggyi Business Center. TBC အဝေးပြေးကားဝင်းမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မော်တော်ယာဥ်များဖြင့် စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် အထူးဒေသ(၄)နမ့်ပန်းဒေသမှ သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ရှမ်းပြည်နယ်မှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ စနစ်တကျလွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ အဆိုပါ နေရပ်ပြန်ပြည်သူများသည် မိုင်းလားအထူးဒေသ(၄) နမ့်ပန်း၌ အသွားအလာ ကန့်သတ်၍ (၂၁)ရက် စောင့်ကြပ်ကြည့်ရှုခြင်းကို ခံယူခဲ့ပြီး မိုင်းယု၊ ကျိန်းယဲန်းတံတားမှ တောင်ကြီးမြို့အထိ သက်ဆိုင်ရာယာဥ်လိုင်းများဖြင့်ပြန် လည်ဝင်ရောက်လာခြင်းဖြစ်ကာ တောင်ကြီးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မော်တော်ယာဥ်များဖြင့် ထပ်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
အဆိုပါနေရပ်ပြန်ပြည်သူ (၉၉)ဦးတို့တွင် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး (၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား (၈)ဦး၊ အမျိုးသမီး (၁၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၅၆)ဦး၊ ကယားပြည်နယ်မှ အမျိုးသမီး (၂)ဦးနှင့် ရှမ်းပြည်နယ်တောင်ကြီးမြို့မှ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ သီပေါမြို့မှအမျိုးသား (၁)ဦးတို့ဖြစ်ကြောင်း၊ ယနေ့အထိ နေရပ်ပြန်ပြည်သူ (၃၄၀၀)ကျော်အား တောင်ကြီးမြို့မှ တစ်ဆင့်သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တောင်ကြီးမြို့အခြေစိုက် Express ယာဥ်လိုင်းများဖြင့် ပို့ဆောင်ပေးခဲ့ပြီး နေရပ်ပြန် ပြည်သူအများစုမှာ ရခိုင်ပြည်နယ်မှဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်၏ ပြောကြားချက်အရ သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား တောင်ကြီးမြို့မှတစ်ဆင့် မော်တော်ယာဥ်များဖြင့် ထပ်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးရာတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လမ်းခရီးတွင်စားသောက်ရန် ထမင်းဘူး၊ ရေသန့်ဘူး၊ အချိုရည်နှင့် ပေါင်မုန့်များဝေငှခြင်းများကို တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မီဝင်များနှင့် အလှူရှင်မိသားစုများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ တောင်ကြီးမြို့ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုးညွန့်ရွှေ(ပြန်/ဆက်)


