နေပြည်တော် ၂၄ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကက်သလစ် IDP စခန်းနှင့် နှစ်ခြင်း IDP စခန်း၊ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံး ယာယီတိုက်ပွဲ ရှောင်စုရပ်သို့ သွားရောက်၍ လက်သန့်ဆေးရည် (၉၈၉)ဘူး၊ ဆပ်ပြာခဲ (၂၃၇၀)၊ ထုံးအိတ်(၃၀)၊ အပူချိန်တိုင်းကိရိယာ (၄)ခု၊ လက်ဆေးစင် (၁၀)ခု၊ Surgical Mask (၁၆)ခု၊ အဝတ် Mask (၄၇၀၈)ခု၊ Hand Speaker (၃)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၃)ခု၊ ဗီနိုင်း(၁)ချပ်တို့အား ထောက်ပံ့ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရွှေသီး၊ ငဖရုံ၊ ဝါးနက်ရုံ၊ ဒုံးသိမ်ဓမ္မာရုံ၊ လမ်းမကျောင်း၊ ရန်အောင်မြေ၊ မြတောင်ဘုန်းကြီးကျောင်း၊ ဂန္ဓာရီပရဟိတကျောင်း၊ မြောင်းနားတိုက်ပွဲရှောင်စခန်း စုစုပေါင်းတိုက်ပွဲရှောင်စခန်း (၉)ခုသို့ သွားရောက်၍ အဝတ် Mask (၁၁၅၁၂)ခု၊ Hand Speaker (၅)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၅)ခုတို့အား ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


