ကွတ်ခိုင် ၂၄ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသရေး ကာလအတွင်း၌ ပြည်သူများ (Home Garden) စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီး၊ ဟင်းရွက် မျိုးစေ့စုစုပေါင်း (၁၀) မျိုးကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးသည်။
ထိုသို့ သွားရောက်ဖြန့်ဝေပေးရာတွင် ကွတ်ခိုင်မြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်နှင့် ကျေးရွာများဖြစ်သည့် ကောင်းခါး၊ ခိုလုံ၊ ဟိုနောင်၊ နမ့်ဖတ်ကာ၊ မန်ဘန်၊ မော်ဟစ်၊ ပန်ကိုင်ကျေးရွာရှိ ပြည်သူများသို့ လက်ဝယ်ဖြန့်ဝေပေးကာ ကျန်ရှိနေသော ရပ်ကွက်ကျေးရွာများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဟု မြို့နယ် စိုက်ပျိုရေးဦးစီးဌာနဦးစီးမှူး ဦးမြတ်ထွန်းအောင်က ပြောသည်။
“ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကာလအတွင်းမှာ ဒေသခံမိဘပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့အိမ်ခြံဝန်းထဲမှာ ကိုယ်တိုင်စိုက်ပျိုးပြီး အာဟာရပြည့်ဝလတ်ဆက်တဲ့ ဟင်းသီး၊ ဟင်းရွက်တွေကို စားသုံးနိုင်ဖို့အတွက် မျိုးစေ့ပေါင်း(၁၈)မျိုးကို အခမဲ့ဖြန့်ဝေပေးတာ ဖြစ်ပါတယ်၊ ကျန်နေတဲ့ ရပ်ကွက်ကျေးရွာတွေကိုလည်း ဆက်လက်ဖြန့်ဝေသွားမယ်”ဟု ဦးမြတ်ထွန်းအောင်က မျိုးစေ့ဖြန့်ဝေရခြင်း အကြောင်းကို ရှင်းပြသည်။
အဆိုပါ မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)


