မန္တလေး ၂၄ မေ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် နှစ်လတာကာလအထိ ပါဆယ်စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည့် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မန္တလေးမြို့ရှိ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များနှင့် အအေးဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထားရှိရေးအတွက် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းရှင်းများအား မေ ၂၀ ရက်မှစ၍ အသိပေးအကြောင်းကြားထားပြီး ပြင်ဆင်မှုလုပ်ငန်းများပြီးစီး၍ အစစ်ဆေးခံနိုင်ကြောင်း အကြောင်းကြားလာပါက သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးကာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိသော ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုသွားမည်ဖြစ်သည်။

 

“ကျွန်တော်တို့ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ရောင်းချနိုင်ဖို့ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပြင်ဆင်ဖို့အတွက် မြို့နယ်စည်ပင်ဌာနက လာပြီးအကြောင်းကြားစာ ပို့ပါတယ်။ ပြင်ဆင်ရမယ့် လုပ်ငန်းတွေရော ကုန်ကျစရိတ်တွေရော များပြားပေမယ့် ပြန်ပြီးရောင်းချခွင့်ပြုတာကိုပဲ ကျေးဇူးတင်ဝမ်းမြောက်စွာနဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပြီး ပြင်ဆင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါဆယ်စနစ်နဲ့ ရောင်းချရတဲ့ နှစ်လကျော်ကာလမှာ ရောင်းအားက သုံးပုံနှစ်ပုံလောက် ကျဆင်းသွားတဲ့အတွက် ဆိုင်ဝန်ထမ်းတွေရဲ့စားသောက်ရေးနဲ့ လစာပုံမှန်ပေးနိုင်ဖို့ မနည်းထိန်းပြီး ဖွင့်လှစ်ခဲ့ရတယ်။ ကျွန်တော်ဆိုင်မှာ ဝန်ထမ်း ၇၀ ကျော် ရှိပါတယ်။ လူလျော့ခြင်းမရှိ၊ လစာလျော့ခြင်းမရှိဘဲ ဒီကိုဗစ်ကာလကို ကျွန်တော်နဲ့အတူ ကျော်ဖြတ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်ဆိုင်မှာအားပေးနေကြတဲ့ စားသုံးသူတွေကိုလည်း ပါဆယ်စနစ်နဲ့ ရောင်းချနေရတာကို အားနာနေရပါတယ်။ အခုလို ဆိုင်ထိုင်စနစ်နဲ့ ပြန်ပြီဖွင့်လှစ်ခွင့်ပေးတဲ့အတွက် ကျွန်တော်တို့ လုပ်ငန်းရှင်တွေအတွက်သာမက ဝန်ထမ်းတွေရော စားသုံးသူတွေအတွက်ပါ အဆင်ပြေသွားကြမှာပါ။ ဒါကြောင့် ပြင်ဆင်မှုတွေကို စားသုံးသူတွေအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသော အစားအစာတွေ စားသုံးနိုင်အောင် အကောင်းဆုံးပြင်ဆင်သွားမယ်” ဟု မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၂ လမ်းနှင့် ၁၉ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် မင်းသီဟလက်ဖက်ရည်ပိုင်ရှင် ဦးမိုးကျော်က ပြောသည်။

 

လက်ရှိတွင် အဆိုပါလက်ဖက်ရည်ဆိုင်၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆိုင်အဝင်ပေါက်များ၌ ဆင်ဆာစနစ်သုံး လက်ဆေးဘေစင်များနှင့် Hand Gel များ ထားရှိခြင်း၊ လက်ဖက်ရည်သောက်ရန် တစ်ခါသုံးခွက်နှင့် အစားအသောက်များ စားသုံးနိုင်ရန် ပေါင်းခံထားသည့် ပန်းကန်များအစား တစ်ခါသုံးကော်ဘူးများ ထားရှိခြင်း၊ ဆိုင်၌ လာရောက်စားသုံးသူများ တစ်ဦးနှင့် တစ်ဦး Social distancing ဖြစ်စေရန် သတ်မှတ်အကွာအဝေးအတိုင်းထားရှိ၍ နှစ်‌ယောက်ထိုင် စားပွဲအလယ်၌ ရောဂါကူးစက်မှုမရှိစေရန် နှစ်ပေပတ်လည်ရှိ ထိုင်းနိုင်ငံထုတ် ကော်ကြည်ပြားအဖြူများ တပ်ဆင်လျက်ရှိပြီး ကိုဗစ်ကာလအလွန်တွင် ပြည်သူများ စားသုံးမှုပုံစံ ပြောင်းလဲသွားစေရန်အထိ ရည်ရွယ်၍ ပြင်ဆင်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

“လက်ဆေးဘေစင်က အမျိုးမျိုးရှိပေမယ့် ကျွန်တော်ဆိုင်မှာ ရောဂါကူးစက်မှုမရှိစေရန် ဆင်ဆာစနစ်နဲ့ အသုံးပြုနိုင်တဲ့ လက်ဆေးဘေစင်ကို တပ်ဆင်မှာပါ။ ကော်ကြည်ပြားကလည်း အထူ၊ အပါးပေါ်မူတည်ပြီး တရုတ်နိုင်ငံထုတ်က ကော်ကြည်ပြားက ၄ ပေ x ၈ ပေ တစ်ချပ်ကို ၅၀၀၀၀ ကျော်ရှိပြီး ထိုင်းနိုင်ငံက ထုတ်တဲ့ အထူဆုံး ၃ မီလီမီတာရှိတဲ့ ကော်ကြည်ပြားက တစ်သိန်းကျော်ကျော်လောက် ရှိပါတယ်။ ကျွန်တော်ကတော့ ကိုဗစ်အလွန်ကာလအထိ ရေရှည်အသုံးပြုဖို့ ရည်ရွယ်ပြီး အကောင်းဆုံးကိုပဲ ရွေးချယ်တပ်ဆင်ခဲ့ပါတယ်။ ဆိုင်မှာထားရှိရမယ့် အသိပညာပေး ဗီနိုင်းစတေကာတွေကတော့ ဘယ်လိုဗီနိုင်းမျိုးကို ရွေးချယ်ရမယ်ဆိုတာကို မသိသေးတဲ့အတွက် လေ့လာနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆိုင်တွေအနေနဲ့ သင့်တော်တဲ့ အသိပညာပေး ဗီနိုင်းစတေကာတွေကို တိတိကျကျ ညွှန်ကြားပေးရင် ကောင်းမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ စားသောက်ဆိုင်ပေါင်း ၁၇၉၈ ဆိုင်၊ လက်ဖက်ရည်ဆိုင်ပေါင်း ၁၂၁၁ ဆိုင်၊ အအေးဆိုင်ပေါင်း ၄၀၉ ဆိုင် စုစုပေါင်း ၃၄၁၈ ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အဆိုပါ စားသောက်ဆိုင်များအား မတ် ၂၅ ရက်မှစ၍ ပါဆယ်စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသန္တရတားမြစ်မိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)